မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြန်မာ့နိုင်ငံရေးအခြေအနေအား ပါတီဝင်များသို့ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသော မြန်မာ့နိုင်ငံရေးအခြေအနေအား ပါတီဝင်များသို့ ရှင်းလင်းပွဲကို ယခုလ ၂၅ ရက် မွန်းတည့် ၁၂ နာရီတွင် မအူပင်မြို့နယ် ခနောင်ထော်ကျေးရွာအုပ်စု ပန်တပွတ်ကျေးရွာရှိ ပါတီဝင် ဦးမိုးမြင့်နေအိမ်တွင် ကျင်းပခဲ့သည်။
အဆိုပါရှင်းလင်းပွဲ၌ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်၊ မအူပင်ခရိုင်တာဝန်ခံ ဦးသန်းထွန်းနှင့်တာဝန်ရှိသူများက ယနေ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးအခြေအနေများကိုလည်း ကောင်း၊ ပါတီ၏ ရပ်တည် ဆောင်ရွက်ချက်များကိုလည်း ကောင်း ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဝင်များ၏မေးမြန်းသည်များကို ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီကော်မတီဝင်၊ မအူပင် ခရိုင်တာဝန်ခံဦးသန်းထွန်း၊ မအူ ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ ခနောင်ထော် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဝင်းဌေးနှင့်ရပ်/ကျေးပါတီ ကော်မတီဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၄ဝ ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)