ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် လူငယ်အများစုပါဝင်

အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအကြိုနိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ရန် ရွေးချယ်သည့် ပဏာမမြန်မာ့ လက်ရွေးစင်ဘော လုံးအသင်းလူစာရင်းတွင် လူငယ် ကစားသမားအများစုပါဝင်သည်။ 

နည်းပြချုပ်အန်တွမ်နီဟေး ရွေးချယ်သည့် ပဏာမမြန်မာ့ လက်ရွေးစင်လူစာရင်းကို စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ပြီး ကစားသမား ၂၇ ဦးပါဝင်သည်။ အာဆီယံဆူဇူကီးပြိုင်ပွဲအတွက် ရည်ရွယ်သည့် မြန်မာ့လက်ရွေး စင်အသင်းလူစာရင်းတွင် ပြီးခဲ့သည့် အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းမှ ကစားသမားအများစု ပြန်လည်ပါဝင်လာသည်။ ပဏာမမြန်မာ့လက်ရွေးစင် လူစာရင်းတွင် သန်းထက်အောင် နှင့် ပြည့်ဖြိုးဇော်တို့ ပထမဆုံး ပါဝင်လာပြီး လက်ရွေးစင်အသင်းနှင့် ကာလအတန်ကြာ ဝေးကွာနေသည့် သီဟထက်အောင်ကိုလည်း ပြန်လည် ရွေးချယ်ထားသည်။ 

ထို့အပြင် ထိုင်းလိဂ်-၂ လပ်ဆာမတ်ဆာခွန်အသင်းတွင် ကစားနေသည့် ကောင်းဆက်နိုင်ကိုလည်း နည်းပြချုပ် အန်တွမ်နီဟေးက ရွေးချယ်ထားသည်။ သို့သော် ဝါရင့်နောက်ခံလူ ဇော်မင်းထွန်းသည် ပဏာမလက်ရွေးစင် အသင်းလူစာရင်းတွင် ပါဝင်လာခြင်း မရှိပေ။ 

ပဏာမမြန်မာ့လက်ရွေးစင် အသင်းလူစာရင်းနှင့်ပတ်သက်၍ ကစားသမားများ၏ လက်ရှိစွမ်း ဆောင်ရည်ကို ဆန်းစစ်ရွေးချယ်ထားခြင်းဖြစ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။ 

‘‘အခု ပဏာမလူစာရင်းကိုတော့ ကစားသမားတွေရဲ့လက်ရှိ စွမ်းဆောင်မှုနဲ့ သူတို့အရည်အချင်းကို သေသေချာချာ ဆန်းစစ်ပြီးမှ ရွေးချယ်ထားတာပါ။ လာမယ့် ဆူဇူကီးဖလားမှာ အောင်မြင်ဖို့အတွက် ယုံကြည်ထားပါတယ်။ လောလောဆယ် အင်ဒိုနီးရှား၊ ဘိုလစ်ဗီးယားတို့နဲ့ ပွဲစဉ်တွေအပေါ် အာရုံစိုက်ထားပါတယ်။ ဒီခြေစမ်းပွဲတွေက ကျွန်တော်တို့ရဲ့ငယ်ရွယ်တဲ့ လက်ရွေးစင်အသင်းအတွက် အားရကျေနပ်စရာ အခွင့်အလမ်းတစ်ခုဖြစ်ပြီး ဒီလိုအဆင့်မြင့်ပွဲစဉ်တွေကနေ အတွေ့အကြုံကောင်းတွေ အများကြီးရယူနိုင်မှာပါ။ လက်ရှိအခြေအနေက အသင်းကို လူငယ်ကစားသမားတွေ ပိုမိုတာဝန်ယူရမယ့် အခြေအနေပါ။ သူတို့အတွက်လည်း အချိန်ကောင်းပါပဲ။ လူငယ်မျိုးဆက်တွေအနေနဲ့ ရင့်ကျက်ချိန်တန်ပြီ’’ ဟု ၎င်းက ဆိုသည်။ 

မြန်မာ့လက်ရွေးစင်အသင်း ဘောလုံးအသင်းသည် စက်တင်ဘာ ၂၈ ရက်(ယနေ့)ညနေတွင် စတင် စခန်းသွင်း လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၁၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှားလက်ရွေးစင်အသင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ရန် ကုန်မြို့၌ ဘိုလစ်ဗီးယားလက်ရွေး စင်အသင်းတို့နှင့် ခြေစမ်းမည်ဖြစ်သည်။  7Days