လေယာဉ်ပစ်ချခံရပြီးနောက် ဆီးရီးယားမှာ လေကြောင်းရန်ကာစနစ်ကို ရုရှ မြှင့်တင်

မော်စကို၊ စက်တင်ဘာ ၂၅

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရုရှစစ်လေယာဉ်တစ်စင်းကို ဆီးရီးယားက မှားယွင်းပစ်ချမိပြီးနောက်မှာ ဆီးရီးယားမှာ ရှိနေတဲ့ ရုရှစစ်တပ်ကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံရးနည်းစဉ်သစ်တွေ တိုးမြှင့်ထားပြီးလို့ ရုရှက စက်တင်ဘာ ၂၄ ရက်မှာ ကြေညာပါတယ်။

ဒီအပြင်လည်း ဆီးရီးယားစစ်တပ်ကို S-300 လေကြောင်းရန်ကာ စနစ်သစ်နဲ့ အနီးနားက စစ်လေယာဉ်တွေရဲ့ ရေဒါထုတ်လွှင့်ချက်တွေကို တန်ပြန်လွှင့်ပြီး ဖျက်တဲ့ စနစ်တွေကို ထောက်ပံ့ပေးတာအပါအ၀င် လုံခြုံရေးအတွက် တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဆီးရီးယားမှာ ဆိုဗီယက်ခေတ် S-200 ဒုံးကျည်က ရုရှစစ်လေယာဉ်တစ်စီးကို မှားယွင်းပစ်ခတ်လို့ စစ်မှုထမ်း ၁၅ ဦး သေဆုံးပြီးနောက်မှာ သမ္မတ ဗလာဒီမာပူတင်ဟာ ဆီးရီးယားမှာ လုံခြုံရေး ထပ်ဆောင်းတိုးမြှင့်ဖို့ကို  အမိန့်ပေးခဲ့တာဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီး ဆာဂျီဆွိုင်ဂူက ပြောခဲ့ပါတယ်။

စစ်လေယာဉ်ကို ဆီးရီးယားက မှားယွင်းပစ်ချခဲ့တာနဲ့ ပတ်သက်ပြီး ရုရှက အစ္စရေးကို အပြစ်ဆိုထားပါတယ်။

အစ္စရေးဖက်က လွဲမှားတဲ့ သတင်းပေးပို့ချက်ကြောင့် ခုလို မှားယွင်းပစ်ချခံရတာဖြစ်တယ်လို့ ပြောသလို အစ္စရေးလေယာဉ်ဟာ ရုရှရဲ့ အဲဒီစစ်လေယာဉ်ကို ကာဗာယူလိုက်တာကြောင့် ဆီးရီးယားက ဆိုဗီယက်ခေတ် S-200 ဒုံးကျည်ဟာ ပစ်မှတ်အဖြစ် မှတ်ယူမိပြီး ပစ်ချလိုက်တာဖြစ်တယ်လို့ ရုရှက ပြောခဲ့ပါတယ်။

“ဆီးရီးယားက ရုရှစစ်တပ်ရဲ့ လုံခြုံရေးအတွက် မြှင့်တင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ရုရှအနေနဲ့ ခေတ်သစ် S-300 လေကြောင်းရန်ကာစနစ်ကို ဆီးရီးယားစစ်တပ်အတွက် နှစ်ပတ်အတွင်း ပေးပို့သွားမှာ ဖြစ်ပါတယ်။”လို့ ရုရှကာကွယ်ရေးဝန်ကြီးက ရုပ်မြင်သံကြားမိန့််ခွန်းမှာ ပြောခဲ့ပါတယ်။

-Ref; AFP