မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု မြင်းခြံမြို့တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးပြော
မြင်းခြံ စက်တင်ဘာ ၂၂
မြင်းခြံမြို့၊အမှတ်(၁၈)ရပ်ကွက်၊လူထုဟစ်တိုင်ကွင်းတွင် ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်(၈)နာရီခွဲအချိန်တွင် ကျင်းပသော ၂၀၁၈ခုနှစ်ကြားဖြတ်ရွေး ကောက်ပွဲ အောင်နိုင်ရေးတွေ့ဆုံပွဲတွင် မိမိတို့မလိုချင်သောအခြေအနေတစ်ရပ်ကို မိမိတို့ ပြောင်းလဲခွင့်ရှိသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မှပြောကြားလိုက်ခြင်းဖြစ်သည်။
အခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံ တော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအား ကိုယ် စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် မြင်းခြံမြို့နယ်၊ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းဝင်းနှင့်ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦစိုင်း အောင်ကြည်တို့၏ ကိုယ်ရေးအကျဉ်းများအား မြင်းခြံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ပါတီကော်မတီဝင်တစ်ဦးမှ ဖတ်ကြားပေးခဲ့သည်။
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် “မိမိမလိုချင်တဲ့အခြေအနေတစ်ရပ်ကို မိမိတို့ပြောင်းလဲခွင့်ရှိတယ်။ အဲ့ဒီပြောင်းလဲခြင်းဟာ ဒီရွေးကောက်ပွဲဖြစ်တယ်။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့မကြိုက်တာကို ဖယ်ချဖို့လိုအပ်ပြီးတော့ ကြိုက်တာကို ရွေးကောက်လိုက်ပါ” ဟုပြောဆိုလိုက်သည်။
“ဒီမိုကရေစီအနှစ်သာရအရ ကိုယ်ကြိုက်တာကိုလုပ်၊ ကိုယ်ကြိုက်တာကိုယ်ရွေး၊ ကိုယ်ရွေးတဲ့ရလဒ်ကို ကိုယ်ဘဲခံစားရမယ်။ ရွေးကောက်ပွဲဟာလည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်။ ဒီမိုကရေစီရလာရင် လူတွေအလိုလိုချမ်းသာမယ်။ ဒိမိုကရေစီအစိုးရစစ်ဖြစ်ရင် နိုင်ငံခြားက နိုင်ငံတွေက ပိုက်ဆံတွေဒလဟောနဲ့ဝင်လာလိမ့်မယ်။ အလုပ်အကိုင်အရမ်းများလာပြီးတော့ နိုင်ငံခြားသွားလုပ်တဲ့သူတွေ ပြန်လာရတော့မယ်။လူတွေလိုချင်နေတဲ့ လျှပ်စစ်မီးတွေအလိုလိုဖြစ်လာလိမ့်မယ်။ ဒီလိုပြောခဲ့တယ်။ ဒီနေ့အချိန်မှာ မရမှန်းသိတော့ ခင်ဗျားတို့ပါမှရမယ်လို့ ပြည်သူကိုပြောတယ်။နောက် တစ်ချက်က စုပေါင်းအား စုပေါင်းအားဆိုတာ ပြည်သူတွေကို ဝိုင်းလုပ်ပါလို့ ပြောတာ အရင်ကပြောခဲ့သလို ဒီမိုကရေစီရရင် အားလုံးကောင်းသွားမယ်ဆိုတာ မှန်သလား” ဟု ယင်းလူထုအစည်းအဝေးတွင် မေးခွန်းထုတ် ပြောကြားလိုက်သည်။
၎င်းနောက် ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းက နှုတ်ခွန်းဆက်အမှာစကား ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ပါတီကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ် တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဒေါက်တာ သန်းဝင်းနှင့်ဦးစိုင်းအောင်ကြည်တို့မှ မိတ်ဆက်စကား ပြောကြားခဲ့ကာ အခမ်းအနားအား ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသော အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူးဦး သက်နိုင်ဝင်း၊ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော မန္တလေးတိုင်းဒေသကြီးနယ် မြေတာဝန်ခံဦးဝဏ္ဏမောင်လွင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မြင်းခြံခရိုင်ပါတီဥက္ကဋ္ဌဦးကျာ်တင်နှင်ခရိုင်ပါတီကော် တီဝင်များ၊မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာသန်းဝင်း၊ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးစိုင်းအောင်ကြည်၊မြင်းခြံမြို့နယ်ပါတီဥက္ကဌဦးဝေမျိုးဟန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ပါတီဝင်များနှင့်ပါတီကို ထောက်ခံအားပေးသောပြည်သူများ အပါအဝင် စုစုပေါင်း (၃၅၀၀)ဦးခန့် တက်ရောက်အားပေးခဲ့ကြသည်။