မြောက်ကိုရီးယား အားကစားပွဲတော်တွင် တောင်ကိုရီးယား သမ္မတ မိန့်ခွန်းပြော

မြောက်ကိုရီးယားတွင် ကျင်းပနေသည့် အားကစား ပွဲတော်ကြီး၌ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ကြိုတင် ကြေညာခြင်း မရှိဘဲ မိန့်ခွန်း ပြောကြားသွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ပြုံယမ်းတွင် ကျင်းပနေသည့် အားကစား ပွဲတော်သို့ မွန်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့်အတူ တက်ရောက်ခဲ့သည်။

ထို့နောက်တွင် မွန်းက ၇ မိနစ်မျှ ကြာမြင့်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ မွန်းက ကိုရီးယား နှစ်နိုင်ငံ ကွဲပြားနေခြင်းမျိုး မဖြစ်သင့်ဘဲ ကျွန်းဆွယ်စစ်ပွဲကြီး မတိုင်ခင်ကကဲ့သို့ တစ်ခုတည်းသော ကိုရီးယား နိုင်ငံအဖြစ် ရပ်တည်သင့်ကြောင်း ဆိုသည်။

မွန်းသည် ပြုံယမ်းသို့ သုံးရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိနေခြင်း ဖြစ်သည်။ ၎င်းသည် ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အရေးပါသည့် သဘောတူညီချက်များ ပါရှိသည့် စာချုပ်ကို ကင်မ်နှင့်အတူ လက်မှတ် ရေးထိုးခဲ့သေးသည်။

မြောက်ကိုရီးယား၏ အကြီးကျယ်ဆုံး ဝါဒဖြန့်မှုဆိုင်ရာ ပွဲတော်တစ်ခုအဖြစ် သတ်မှတ်ခံရသည့် အားကစား ပွဲတော်ကြီး၌ မွန်းက မိန့်ခွန်းပြောကြားပြီးနောက် ဧည့်ပရိသတ် တစ်သိန်းခွဲကျော်က သောင်းသောင်းဖြဖြ ကောင်းချီး ပေးခဲ့ကြသည်။

ပစိဖိတ် ဖိုရမ်မှ ကိုရီးယား ကျွန်းဆွယ်အရေး လေ့လာသူ အန်ဒရေး အေဘရာဟာမီယမ်က “မွန်းက မိန့်ခွန်း ပြောမယ်ဆိုတာကို ဘယ်သူမှ ကြိုမျှော်လင့် မထားကြဘူး။ မြောက်ကိုရီးယား ပြည်သူတွေလည်း အံ့ဩခဲ့ ကြပါလိမ့်မယ်။ သူ့ရဲ့ မိန့်ခွန်းဟာ မြောက်ကိုရီးယား ပြည်သူတွေရဲ့ သဘောထားနဲ့ တိုက်ဆိုင်အောင် စီစဉ်ထားတာတော့ သိသာပါတယ်”ဟု မှတ်ချက်ပေးခဲ့သည်။ 

မွန်းသည် စက်တင်ဘာ ၂၀ တွင်မူ ပြုံယမ်းမှ ထွက်ခွာကာ မြောက်ကိုရီးယား၏ ပက်ခ်တူ တောင်ပေါ်စခန်းမြို့သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

Ref: BBC