အာဏာရပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပြန်လည်ရွေးကောက်တင်မြှောက်ခံရ

တိုကျို၊ စက်တင်ဘာ ၂၀

ဂျပန်နိုင်ငံရဲ့ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာ ၂၀ ရက်မှာ ပြန်လည်ရွေးကောက် တင်မြှောက်ခံရတာကြောင့် နိုင်ငံရဲ့ အစိုးရ အကြီးအကဲအဖြစ် ဆက်လက်တာဝန်ထမ်းသွားရဦးမှာ ဖြစ်ပါတယ်။

အသက် ၆၃ နှစ်ရှိ အာဘေးဟာ ပါတီတွင်း ရွေးကောက်ပွဲမှာ မဲရလဒ် ၅၅၃ မဲနဲ့ မဲ ၂၅၄ မဲပဲ ရရှိတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂါရုအီရှီဘာကို အလွယ်တကူပဲ အနိုင်ရလိုက်တာပါ။ ရှင်ဇိုအာဘေးဟာ ၂၀၀၆ မှ ၂၀၀၇ ကြား တစ်နှစ်မပြည့်တဲ့ အချိန်ကာလအတွင်း ဂျပန်အစိုးရအဖွဲ့ကို ပထမဆုံး ဦးဆောင်ဖူးခဲ့တာဖြစ်ပြီး ၂၀၁၂ စက်တင်ဘာ ၂၆ ရက်မှာ ၀န်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့ရသူပါ။

ဒီကနေ့ စက်တင်ဘာ ၂၀ ရက် ပြန်လည်ရွေးကောက်ခံရတာကြောင့် ရှင်ဇိုအာဘေးအနေနဲ့ ၀န်ကြီးချုပ်အဖြစ် နောက်ထပ်သုံးနှစ် သက်တမ်းကို ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

ဒီသုံးနှစ်သက်တမ်း ထမ်းဆောင်ရတာဟာ ဂျပန်ရဲ့ ခုကာလသမိုင်းမှာ အရှည်ကြာဆုံး ၀န်ကြီးချုပ် တာဝန် ထမ်းဆောင်ရသူ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် အာဘေးအနေနဲ့ အောက်တိုဘာအစပိုင်းက စတင်ပြီး သူ့ရဲ့ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖြစ်ဖို့ ရှိနေပါတယ်။

ကြိုတင်မဲရလဒ် ကောက်ယူစစ်တမ်းတွေအရလည်း အာဘေးသာ အပြတ်အသတ်အနိုင်ရမယ်လို့ ရလဒ် ရှိထားခဲ့တာ ဖြစ်ပါတယ်။

မဲရလဒ်ကို ကြေညာပြီးနောက်မှာ ရှင်ဇိုအာဘေးက ပါတီရုံးချုပ်ကနေ သတင်းစကားပါးရာမှာ သူ့အနေနဲ့ ယခင် ၀န်ကြီးချုပ်တွေအတိုင်း နှလုံးရည်၊ စိတ်ခွန်အားစွမ်းဆောင်နိုင်သမျှကို သူရဲ့ တာဝန်အတွက် အပြည့်အ၀ အသုံးချသွားမှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။

-Ref; AFP