ဖိလစ်ပိုင်မှာ မြေပြိုမှုဘေး ထပ်ဖြစ်ကာ ၁၂ ဦး သေဆုံးပြီး ဒါဇင်များစွာ ပျောက်ဆုံးနေ

မနီလာ၊ စက်တင်ဘာ ၂၁

မုန်တိုင်း ၀င်မွှေထားတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ထပ်ဆောင်းဘေးဒုက္ခအဖြစ် စက်တင်ဘာ ၂၀ ရက်က မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းပြီး စီဘူးကျွန်းမှာ မြေပြိုထပ်ဖြစ်ရာမှာ သေဆုံးသူ ၁၂ ဦးရှိပြီး ဒါဇင်များစွာ ပျောက်ဆုံးနေပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ အပြင်းထန်ဆုံးဖြစ်တဲ့ တိုင်ဖုန်းမုန်တိုင်း မန်ကွတ် နိုင်ငံမြောက်ပိုင်းမှာ ၀င်ရောက် တိုက်ခတ်တာကြောင့် မိုးသည်းထန်ပြီး  ဒါဇင်များစွာ ပျောက်ဆုံးရတဲ့ အခြားမြေပြိုမှုဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလို သဘာဝဘေးဆိုး ထပ်ကြုံရတာပဲ ဖြစ်ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ စီဘူးကျွန်းက တီနာအန်းကျေးရွာမှာ ဖြစ်ပွားတဲ့ ခုမြေပြိုမှုမှာ ဟဲလ်မက်ကိုယ်စီ ဆောင်းထားတဲ့ အရေးပေါ်ဝန်ထမ်းတွေနဲ့ ပေါက်တူးဂေါ်ပြားတွေနဲ့ ဒေသခံတွေဟာ မြေပြိုမှု ဖြစ်ပွားရာဆီ တက်သုတ်ရိုက် လာရောက်ကြပြီး အသက်ရှင်ကျန်နိုင်သူတွေကို ရှာဖွေကြပါတယ်။

မုတ်သုံမိုး ရက်ဆက် သည်းထန်စွာ ရွာသွန်းတာကြောင့် စက်တင်ဘာ ၂၀ ရက် အစောပိုင်းမှာပဲ ဒီကျေးရွာအရပ်ရှိ တောင်စောင်းမှာ ကြွေမွလွယ်တဲ့ ထုံးကျောက်နဲ့ မြေကြီးတွေ ပြိုကျခဲ့တာဖြစ်ပါတယ်။

လူတွေ အိပ်ရာထဲမှာပဲ ရှိနေဆဲ နံနက်အစောပိုင်းအချိန်မှာ ခုလို တောင်စောင်းပြိုကျရာမှာ အနည်းဆုံး အိမ်ခြေ ဆယ်လုံး မြေပြိုပိမိခဲ့ပါတတယ်။

“လေးထပ်တိုက်တွေတောင် မြေကြီးအောက် ရောက်သွားရတယ်။”လို့ မျက်မြင်တစ်ဦးဖြစ်တဲ့ ဂျွန်ရေးရီပူအီစတိုက ပြောပါတယ်။

မြေပြိုမှုနဲ့အတူ ရောပါလာတဲ့ လူသေအလောင်းတွေကို ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ ရီပူအီစတိုက “ကျွန်တော့် အိမ်နီးချင်း  အမျိုးသမီးဆို ငိုယိုနေရုံပဲ ရှိတော့တယ်။ ဘာကြောင့်လည်း ဆိုတော့ သူ့အိမ်ရှေ့မှာရှိတဲ့ သူ့အစ်မ အိမ်ဟာ ခေါင်မိုးတောင် မမြင်ရတော့အောင် မြေကြီးအောက် ရောက်သွားလို့ပါပဲ။”လို့ ပြောခဲ့ပါတယ်။

Mizzima