ရုရှားလေယာဉ် မှားယွင်း ပစ်ချခံရမှုနှင့် ပတ်သက်သည့် အချက်အလက်များ မျှဝေပေးရန် အစ္စရေးကမ်းလှမ်း

အစ္စရေးနှင့် ဆီးရီးယား ပဋိပက္ခအတွင်း ကြားညပ်ပြီး ရုရှားလေယာဉ် ပစ်ချခံခဲ့ရမှုနှင့် ပတ်သက်၍ အချက်အလက်များ မျှဝေပေးသွားရန် အစ္စရေးဖက်က ကမ်းလှမ်းလာမှုကို ရုရှားက လက်ခံခဲ့ကြောင်း သိရသည်။

ယခုသီတင်းပတ် အစောပိုင်းက ဆီးရီးယားနိုင်ငံ၊ လာကက်တီရာရှိ စစ်ရေးပစ်မှတ် အချို့ကို အစ္စရေး တိုက်လေယာဉ်များက ဗုံးကြဲခဲ့ပြီး ဆီးရီးယား လေကြောင်းကာကွယ်ရေး တပ်ဖွဲ့က တုံ့ပြန် ပစ်ခတ်ခဲ့သည်။ အစ္စရေးသည် ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင် တိုက်ခိုက်နေသည့် ရန်သူတော် အီရန်နိုင်ငံ၏ စစ်တပ်များကို ယခင်ကလည်း ရှောင်တခင် ထိုးစစ်ဆင်လေ့ ရှိသည်။

စက်တင်ဘာ ၁၇ ရက် ဖြစ်စဉ်တွင်မူ အစ္စရေး လေယာဉ်များကို ပစ်ခတ်နေသည့် ဆီးရီးယား လေကြောင်း ကာကွယ်ရေး အမြောက်များက မဟာမိတ် ရုရှား၏ ကင်းလှည့်လေယာဉ် တစ်စီးကို မှားယွင်း ပစ်ချမိခဲ့သည်။ ယင်းဖြစ်ရပ်တွင် Il-20 လယာဉ်ပေါ် လိုက်ပါလာသူ ရုရှား စစ်မှုထမ်း ၁၅ ဦးစလုံး သေဆုံးခဲ့သည်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထိုဖြစ်ရပ်တွင် အစ္စရေး၏ တာဝန် မကင်းကြောင်း စွပ်စွဲ ဝေဖန်ခဲ့သည်။ အစ္စရေးက ရုရှားစစ်မှုထမ်းများ သေကြေခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း ကြေညာသော်လည်း အဓိက တာဝန်ရှိသူမှာ ဆီးရီးယား အစိုးရ စစ်တပ်သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

စက်တင်ဘာ ၁၉ ရက်တွင်မူ အဆိုပါ စစ်ဆင်ရေးနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ရုရှားထံ မျှဝေပေးရန် အစ္စရေးက အဆိုပြုခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း လက်ခံခဲ့သည်။ ယင်းအချက်အလက်များကို ကိုးကားပြီး အစ္စရေးက ဖြစ်စဉ်တွင် ၎င်းတို့၌ တာဝန်ကင်းရှင်းကြောင်း ဖြေရှင်းဖွယ် ရှိသည်။ ပူတင်ကလည်း အစ္စရေးနှင့် တိုက်ရိုက် ရန်ညှိုးဖွဲ့မှုကို ရှောင်ရှားလိုဟန်ရှိပြီး တစ်ဖက်မှ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်သည်။

အစ္စရေးက ပေးပို့လာသည့် အချက်အလက်များကို ရုရှား၏ ကျွမ်းကျင် ပညာရှင်များက အလေးအနက် စစ်ဆေးသွားမည်ဟု ရုရှားအစိုးရ တာဝန်ရှိသူ တစ်ဦးက ထုတ်ပြန်သည်။ 

လေယာဉ် ပစ်ချခံရသည့် ဖြစ်စဉ် အပြီး၌ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆီးရီးယားရှိ ၎င်းတို့၏ စစ်မှုထမ်းများ လုံခြုံရေးအတွက် ရုရှားအနေဖြင့် ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးဖြင့် ကိုင်တွယ် ဆောင်ရွက်သွားမည်ဟုလည်း ကြေညာထားသည်။

Ref: Fox News