ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး၊ စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် စက်တင်ဘာ (၁၉) ရက်နေ့နံနက် ၉ နာရီက ရမည်းသင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကိုကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆို ခြင်းတို့ကိုဆောင်ရွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးက အဖွင့်အမှာ စကားပြောကြားသည်။ ယင်းနောက်အမျိုး သမီးညီလာခံအကြို အမျိုးသမီးနှီးနှော ဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရမည်းသင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်အတွင်းရေးမှူး ဒေါ်သန်းသန်းအေးက ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစုအဖွဲ့လေးဖွဲ့မှ ”မြန်မာအမျိုးသမီးများနှင့်နိုင်ငံရေးအခန်း ကဏ္ဍမြှင့်တင်ရေး” စာတမ်းကို ရွှေဒါးအုပ်စုမှ မကေသွယ်မြင့်က လည်းကောင်း၊ အမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးစာတမ်းကို သင်ပန်းကုန်းအုပ်စု လက်ဆည်ကန်ရပ်ကွက်မှ မစုမွန်စောထွန်းကလည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်ဇာတိဂုဏ် ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏အခွင့်အရေးများကို ရိုးရာယဉ် ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေးစာတမ်းကို ကန်ဆည်အုပ်စု ကန်မြင့်ရွာမှ မထက်ထက်က လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို ဆည်ကြီးကျေးရွာမှ မမြရည်သန္တာထက်ကလည်းကောင်း ဖတ်ကြားသည်။
ရမည်းသင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလှဝင်း က နိဂုံးချုပ်အမှာစကားပြောကြားသည်။ အခမ်းအနားကို ‘ပြည်ခိုင်ဖြိုးဟေ့’ တေး သီချင်းသီဆို၍ပြီးမြောက်ခဲ့သည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဝင်အမျိုးသမီး ၁၅ဝ၊ ရပ်ကွက်/ကျေးရွာအုပ်စုဥက္ကဋ္ဌ၊ စည်းမှူးအဖွဲ့ဝင် ၁၃ဝ ဖြင့်ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်သန်းတင့်(ရမည်းသင်း)