ညောင်​ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ



မန္တလေးတိုင်းဒေသကြီး ​ညောင်​ဦးခရိုင်၊ ​ညောင်​ဦးမြို့နယ်​၊ မြို့နယ်ပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မ နေရာယူပြီးနောက် အခမ်းအနား ကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာဖွင့်လှစ်ခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး ကော်မတီဝင် ညောင်ဦးခရိုင်တာဝန်ခံ ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြား၍ ညောင်ဦးမြို့နယ် အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်ဝေမာဦးက ဗဟိုအမျိုးသမီးညီလာခံအကြို ​ညောင်ဦးမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ် ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့သည်။

အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များ အနေဖြင့် နှီးနှော ဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းလေးစောင်အား တင်သွင်းနိုင်ရန် အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ အစီအစဉ် တတိယပိုင်းကိုကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီးနောက် နှီးနှော ဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက်မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေးစာတမ်းကို ​ညောင်ဦးမြို့နယ် ပျဉ်တိုင်းကျေးရွာမှ ဒေါ်ခင်သက်နှင်းက လည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို ချောင်းဝကျေးရွာမှ ဒေါ်သန္တာအေးမှ လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည် ဖော်ဆောင်ရေး စာတမ်းကို ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာမှ ဒေါ်ဟေမာန်ဦးက လည်းကောင်း၊ အမျိုးသမီး ပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများ အား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး စာတမ်းကို ညောင်ဦးမြို့နယ် ချေုာင်းရှည်ကျေးရွာ ပါတီဝင် ဒေါ်ခင်မြတ်မြတ်ဦးမှ လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။

ထို့နောက် ​ညောင်ဦးမြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအား ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြားတင်သွင်းခဲ့သောစာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များ အား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မြို့နယ်ပါတီဥက္ကဌဦးအောင်ဌေးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးပါတီကော်မတီဝင် ညောင်ဦးခရိုင်နယ်မြေတာဝန်ခံ ဦးသန်းဌေး၊ မန္တလေးတိုင်း ဒေသကြီးကော်မတီဝင် တိုင်းအမျိုးသမီးရေးရာတာဝန်ခံ ဒေါ်လှလှအေး၊ မန္တလေးတိုင်းဒေသကြီး တိုင်းကော်မတီ ဝင် ဒေါ်သန်းသန်းအေး၊ ညောင်ဦးခရိုင်ပါတီကော်မတီဝင် ဒေါ်မြသန္တာဦးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအာင်ဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌနှင့်အဖွဲ့ဝင်များ ပါတီဝင်အမျိုးသမီး များ အပါအဝင် စုစုပေါင်းအင်အား (၁၅၀) ဦးခန့်​ တက်ရောက်ခဲ့ကြောင်းသိရသည်။