ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီး၊ စက်တင်ဘာ ၁၇

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကို ယမန်နေ့က ကြာအင်းဆိပ်ကြီးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပခဲ့ သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ကော်မတီဝင် ဦးစောမြဝင်း၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်စန္ဒာဦး၊ ခရိုင်အတွင်းရေးမှူး ဒေါ်ဖြူစင်ဝင်းထွန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကော်မတီဝင် ဘုရားသုံးဆူမြို့နယ်တာဝန်ခံ ဦးခိုင်ဝင်း၊ မြို့နယ်လူငယ်ရေးရာကော်မတီဝင် ဦးချိုလေး၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်မိုးသူခိုင်နှင့် ဒေါ်အေးညိမ်းတို့ တက်ရောက်ခဲ့ကြသည်။

နံနက် ၁ဝ နာရီတွင် အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ပြီးနောက် ကြာအင်းဆိပ်ကြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှသောင်းနှင့် သဘာပတိများက နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကာ အမျိုးသမီး ရေးရာအဖွဲ့ဝင်လူငယ်များက စာတမ်းများဖတ်ကြားပေးပြီး မွန်းတည့် ၁၂ နာရီတွင် အခမ်းအနား ပြီးဆုံးကြောင်း သိရသည်။