ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်တွင် သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်

အမေရိကန်နိုင်ငံ တောင်နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ကြောင့် သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်နယ်နှစ်ခုအတွင်းရှိ မြစ်တွေ ရေလျှံခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။

ဟာရီကိန်း ဖလောရင့်စ်ကြောင့် စက်တင်ဘာ ၁၃ ရက်နေ့ကစလို့ မြောက်ကယ်ရိုလိုင်းနားမှာ မိုးရေချိန် ၃၆ လက်မအထိ ရွာခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ ပြောင်းရွှေ့ခဲ့ရပါတယ်။

တချို့ဒေသတွေမှာ ရေကြီးမှုဟာ သီတင်းပတ်ချီ ကြာမြင့်နိုင်တယ်လို့လည်း သိရပါတယ်။ ဒီအတွက် မိုးလေဝသ ဌာနက ပြည်နယ်နှစ်ခုမှာ ရေကြီးမှု ပိုမိုဆိုးရွားနိုင်တယ်လို့ ပြည်သူတွေကို ဆက်သတိပေးထားပါတယ်။

အခုချိန်မှာတော့ ဟာရီကိန်း ဖလောရင့်စ်ဟာ ဗာဂျီးနီးယားပြည်နယ်ကို ဖြတ်ပြီး နယူးအင်္ဂလန်ပြည်နယ်ကို ဦးတည်ရွေ့လျားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

DVB