ပုဂံဒေသ ယူနက်စကိုစာရင်းဝင်ရေး နိုင်ငံတကာပညာရှင်တစ်ဦး စတင်ကွင်းဆင်းစစ်ဆေး

ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် တင်သွင်းထားသော ရှေးဟောင်းမြို့တော် ပုဂံဒေသကို နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများကောင်စီ ICO-MOS အဖွဲ့မှ ပညာရှင်တစ်ဦး ပထမဆုံးအကြိမ် ကွင်းဆင်းစစ်ဆေးနေပြီဖြစ်သည်။ ICOMOS အဖွဲ့မှပညာရှင် ဩစတြေးလျနိုင်ငံသား မစ္စတာ ဟာရစ်ချက်မာကေး သည် ရှေးဟောင်းမြို့တော် ပုဂံဒေသ ယူနက်စကိုစာရင်းဝင်ရန် မြန်မာ အစိုးရက တင်သွင်းထားသည့် အချက်များ နှင့် မြေပြင်အခြေအနေ ကိုက်ညီမှု ရှိ၊ မရှိ ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးသည်။

ဟာရစ်ချက်မာကေးသည် ယမန်နေ့ညနေတွင် ရွှေစည်းခုံစေတီ၌ ပုဂံဒေသရှိ ဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ ICOMOS အဖွဲ့သည် ယူနက်စကိုအဖွဲ့ဝင် မဟုတ်သလို ယူနက်စကို စာရင်းဝင်ရန် အဆို ပြုလွှာတင်ထားသည့် ရှေးဟောင်းအဆောက်အအုံများကို လိုက်လံစစ်ဆေးသော သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ယူနက်စကိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဟာရစ်ချက်မာကေးသည် ပုဂံဒေသကို ၁၀ ရက်ခန့်ကြာ စစ်ဆေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ပြောသည်။ ‘‘သူက မြန်မာအစိုးရ က ရေးသားတင်ထားတဲ့အတိုင်း ဟုတ်ရဲ့လားဆိုပြီး လာစစ်ဆေးတာ။ သူကဝန်ကြီးနဲ့လည်း တွေ့မှာပဲ။ လမ်းဘေးက ဈေးသည်နဲ့လည်း တွေ့မှာပဲ။ ခရီးသွားတွေနဲ့လည်း တွေ့ပြီး မေးမှာပဲ။ သူတို့ တွေ့ရှိ ချက်တွေကို ပြန်ရေးပြီး ယူနက်စကိုတင်မှာ’’ဟု ၎င်းက ပြောသည်။

ရှေးဟောင်းမြို့တော်ပုဂံဒေသယူနက်စကို စာရင်းဝင်ရေး ဇန်နဝါရီ ၂၅ ရက်က အပြီးသတ် အဆိုပြုလွှာကို တင်သွင်းခဲ့ပြီးဖြစ်သည်။ ပုဂံဒေသကို စီမံခန့်ခွဲမှု အပိုင်းများ၊ စေတီပုထိုးအရေအ တွက်များ၊ ကျောက်စာ၊ မင်စာနှင့် နံရံဆေးပန်းချီအရေအတွက်များ၊ ပုဂံဒေသရှိ ဘုရားပွဲတော်များအကြောင်းအပါအဝင် စာမျက်နှာ၂,၀၀၀ ခန့် ရေးသားပြီး ပြင်သစ်နိုင်ငံရှိ ကမ္ဘာ့အမွေအနှစ် စင်တာသို့ ပေးပို့ခဲ့သည်။ ယခင်က ရှေးဟောင်းမြို့ တော်ပုဂံဇုန် ဧရိယာသည် စတုရန်းဧက ၂၇,၉၇၀ သာကျယ်ဝန်း ပြီး ယူနက်စကိုစာရင်း တင်သွင်း ရာတွင် ယခင်ကထက် ဧက နှစ် သောင်းခန့် တိုးချဲ့ကာ ၄၈,၀၉၉စတုရန်းဧကထိ တိုးချဲ့တင်သွင်းထားသည်။

 ယူနက်စကိုစာရင်း တင် သွင်းရာတွင် အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မင်းနန်သူ၊ သူဌေးကန်၊ တောင်ဘီနှင့် မြင်းကပါကျေးရွာများအပြင် ပုဂံမြို့အနောက်ဘက်ရှိ ဧရာဝတီမြစ်တစ်လျှောက်လုံး ထည့်သွင်းထားကာမကွေးတိုင်း အတွင်းရှိ တန့်ကြည့်တောင်ဘုရားကိုပါ ဇုန်အတွင်း ထည့်သွင်းသတ်မှတ်ထားသည်။ ပုဂံဒေသ ယူနက်စကို စာရင်းဝင်၊ မဝင် ၂၀၁၉ ဇွန်လ (သို့မဟုတ်) ဇူလိုင်၌ အဇာဘိုင်ဂျန် နိုင်ငံတွင် ကျင်းပမည့် (၄၃) ကြိမ်မြောက် ယူနက်စကို ကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်မည်ဖြစ်သည်။