နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနပြုဆောင်ရွက်

 

နတ်မောက်၊ စက်တင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များ၊ အမျိုး သမီးရေးရာအဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၈ နာရီမှစ၍ နတ်မောက်မြို့နယ်၏ ကျက်သရေဆောင် ဆုတောင်းပြည့်စေတီတော်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်အတူ ဘုရားကြီးကျောင်း တိုက်အုပ်ဆရာတော် ဓမ္မကထိကဘဒ္ဒန္တဥပ္ပလအား ဖူးမြော်ကန်တော့ကြသည်။

ဆက်လက်ပြီး ဆုတောင်းပြည့်စေတီတော်ကြီးနှင့် ကျောင်းတိုက်အတွင်း၌ စုပေါင်းသန့်ရှင်းရေးများ လုပ်အားဒါန ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကုသိုလ်လုပ်အားဒါန ပြုလုပ်ရာတွင် နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ အတွင်း ရေးမှူး ဒေါ်အေးမာကြူ၊ ငွေစာရင်းဘဏ္ဍာရေးမှူး ဦးသန်းပြုံးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီ ဥက္ကဋ္ဌများ၊ ကျေးရွာပါတီဝင်များနှင့်အတူ စုစုပေါင်းအင်အား ၅ဝ ကျော် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းမှီ(နတ်မောက်)