ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ခရီးသည်တင်ရထား ဂျာမနီနိုင်ငံတွင် စတင်ပြေးဆွဲ

ဂျာမနီနိုင်ငံမြောက်ပိုင်း ဘရီမာဗော်ဒီမြို့ ဘူတာရုံအတွင်း ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံးရထား စက်တင်ဘာ ၁၆ ရက်က ခုတ်မောင်းသွားစဉ် (DAVID HECKER/EPA)

 

ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာဆဲလ်သုံး ခရီးသည်တင်ရထားသည် စက်တင်ဘာ ၁၆ ရက်က ဂျာမနီနိုင်ငံ တွင် စတင်ပြေးဆွဲခဲ့သည်။ ပြင်သစ်ကုမ္ပဏီ Alstom က တည်ဆောက်ခဲ့သော CoradiaiLint အမည်ရှိ ယင်းရထား သည် ဘရီမာဗော်ဒီမြို့ရှိ ဘူတာရုံသို့ ရောက်ရှိခဲ့ပြီး အောက်ဆာဇိုနီ ဒေသ၌ ပုံမှန်ခရီးစဉ် ပြေးဆွဲမည် ဖြစ်သည်။

ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည့် လောင်စာဆဲလ်များ အသုံးပြုထားပြီး တစ်နာရီလျှင် ကီလိုမီတာ ၁၄၀ နှုန်း အထိ မောင်းနှင်နိုင်သော အဆိုပါ ရထားသည် ညစ်ညမ်းသော ဓာတ်ငွေ့များ ထုတ်လွှတ်မှု လုံးဝမရှိပေ။

သို့သော် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုမှ ကာဗွန်ထုတ်လွှတ်မှုအ ချို့ ရှိမည်ဖြစ်သည်။

‘‘ဒီရထားက Alstom နဲ့ အနာဂတ် ရွေ့လျားယာဉ်ကဏ္ဍအတွက် တော်လှန်ရေးတစ်ခုပါ။ ကမ္ဘာ့ပထမဆုံး ဟိုက်ဒရိုဂျင် လောင်စာသုံး ရထားဟာ ခရီး သည်သယ်ဆောင်ရေး ဝန်ဆောင်မှု စတင်နေပြီး ဆက်တိုက် ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပါပြီ’’ဟု Alstom အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌ ဟန်ရီပေါ့ ပါ့တ်-လာဖာဂီက ထုတ်ပြန်ချက်တွင် ပြော သည်။

‘‘Coradia iLint ရထားဟာ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု ကင်းတဲ့ ရထားသယ်ယူပို့ဆောင် ရေးလုပ်ငန်းမှာ ခေတ်သစ်တစ်ခု ရဲ့ ရှေ့ပြေးပါ။ ဒါက ပြင်သစ်-ဂျာမနီ အဖွဲ့လိုက် ပူးပေါင်းမှုကြောင့် ထွက်ပေါ်လာတဲ့ တီထွင်ဆန်း သစ်မှုဖြစ်ပြီး အောင်မြင်တဲ့ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုရဲ့ နမူနာစံပြတစ်ခုပါ’’ဟု ၎င်းက ထပ်လောင်း ပြောသည်။

ယင်းရထားသည် အဆိုပါ ဒေသ၌ ပြေးဆွဲမည့် ဟိုက်ဒရိုဂျင် လောင်စာဆဲလ်သုံး ရထားများအနက် ပထမဆုံး တစ်စီးဖြစ်သည်။

—Ref: UPI