အယ်လ်ဗာရက်စ်နှင့် မကျေပွဲမှာ မိမိဘဝ၏ အကြီးမားဆုံးပွဲဟု လော့ဗ်ကင် ပြောကြား

သောလ်ကာနယ် လိုအယ်လ်ဗာရက်ဇ်နှင့် စနေနေ့ မကျေပွဲနွှဲရမည့်ပွဲစဉ်သည် မိမိ၏ လက်ဝှေ့သမားဘဝ တစ်လျှောက် အကြီးမားဆုံးပွဲဖြစ်သည်ဟု ဂျင်နာဒီဂိုလော့ဗ်ကင်က ပြောကြား သည်။

၂၀၁၇ စက်တင်ဘာက ယင်းမစ်ဒယ်ဝိတ်တန်း လက်ဝှေ့ ကျော်နှစ်ဦး၏ ပထမဆုံးပွဲသည် အငြင်းပွားဖွယ်သရေဖြင့် အဆုံးသတ်ခဲ့သည်။ ယင်းပွဲတွင် ဂိုလော့ဗ်ကင်က အချက်ရေအများ အပြားပို၍ ထိုးသတ်ခဲ့ပြီး ပို၍ အင်အား တောင့်တင်းသူဟု လက် ဝှေ့ဂုရုအများအပြားက သတ်မှတ် ခဲ့သည်။

‘‘ပထမပွဲတုန်းကထက် ပိုကောင်းတဲ့ပွဲဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်’’ ဟု (၃၆) နှစ်အရွယ် ကာဇက်စတန် နိုင်ငံသားက ပြောသည်။

မေလက ဒုတိယပွဲနွှဲရန် ပြင်ဆင်ခဲ့သော်လည်း အယ်လ်ဗာရက်ဇ် (၂၈) နှစ်သည် ဆေးစစ်မှု နှစ်ကြိမ်ကျခဲ့ပြီးနောက် ပွဲပျက်ခဲ့သည်။

ဆေးစစ်ခြင်းနှစ်ကြိမ် မအောင်မြင်ခြင်းအတွက် မက္ကဆီကို နိုင်ငံသား အယ်လ်ဗာရက်ဇ်က Clenbaterol ဓာတ် တရားမဝင် ထည့်သွင်းထားသော အသားစားမိသောကြောင့်ဟု အပြစ်တင်ခဲ့သည်။

ယင်းဆေးဝါးကို ရင်ကျပ်ရောဂါအတွက် အဓိကသုံးစွဲသော်လည်း ကြွက်သားများကြီးထွားရန်နှင့် အဆီဓာတ် လောင်ကျွမ်းရန်လည်း သုံးစွဲနိုင်သည်။ တစ်ခါတစ်ရံအသားများတွင် အဆီဓာတ် နည်းရန် တိရစ္ဆာန်အစာများ၌ တရားမဝင် ထည့်သွင်းကြသည်။

အယ်လ်ဗာရက်ဇ်သည် ၅၂ ပွဲ ထိုးသတ်ခဲ့ရာတွင် မေဝယ်လ်သာကိုသာ ၂၀၁၃ က အမှတ်ဖြင့် ကပ်ရှုံးခဲ့ပြီး ဂိုလော့ဗ်ကင်က လည်း ၃၉ ပွဲတွင် ၃၈ ပွဲ အနိုင်ရရှိထားသည်။

‘‘အယ်လ်ဗာရက်ဇ်က ဒီပွဲမှာ အလဲထိုးပြီး ဘတစ်ပြန် ကျား တစ်ပြန် ထိုးတဲ့နေရာမှာ အကောင်းဆုံးလို့ သက်သေ ပြရမှာ ဖြစ်သလို ဂိုလော့ဗ်ကင်ကလည်း  ပြတ်ပြတ်သားသား အနိုင်ရအောင်လုပ်ပြီး သမိုင်းတင်အောင် လုပ်သင့် ပါတယ်’’ဟု ဝိတ်တန်းအများအပြားတွင် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သော အော်စကာဒီလာဟို ယာက ပြောသည်။

—Ref:BBC