ယူအက်စ်အိုးပင်းဖလား ဆွတ်ခူးပြီး ဂျပန်နိုင်ငံသူ နာအိုမီ စံချိန်သစ်ရေးထိုး

ငယ်ဘဝကတည်းက အားကျခဲ့သော ဆရီနာဝီလျံကို ၆-၂၊ ၆-၄ ဖြင့် အနိုင်ရကာ ယူအက်စ်အိုးပင်း ဆွတ်ခူး နိုင်ခဲ့ပြီးနောက် နာအိုမီအိုဆာကာ (၂၀)နှစ်သည် ဂရင်းဆလမ်တစ်ဦးချင်း ဆုဖလားရရှိသော ပထမဆုံး ဂျပန်နိုင်ငံသူ ဖြစ်လာသည်။

ယခုပွဲစဉ်အနိုင်ရပါက ယူအက်စ်အိုးပင်းကို (၇)ကြိမ်မြောက် စံချိန်တင်ရရှိမည်ဖြစ်ပြီး သြစတြေးလျဂန္ထဝင် မာဂရက်ကောက်၏ ဂရင်းဆလမ်ဆုဖလား (၂၄)ကြိမ် စံချိန်ကို လိုက်မီမည်ဖြစ်သော်လည်း ဆရီနာဝီလျံသည် ပွဲကစားနေစဉ် နည်းပြ၏လမ်းညွှန်မှုကို ခံယူခဲ့သည်ဆိုကာ ဒိုင်လူကြီး ကားလို့စ်ရာမို့စ်က အမှတ်လျှော့ခဲ့သည်။

ထို့အပြင် ဆရီနာသည် ပွဲကစားစဉ်အတွင်း ရာမို့စ်နှင့် မကြာခဏ အချေအတင်စကားများခဲ့ကာ ဒေါသမထိန်းနိုင်ဘဲ ရိုက်တံကို ရိုက်ချိုးခဲ့သည်။

ရာမို့စ်သည် သူခိုးတစ်ဦးဖြစ်ကြောင်း စွပ်စွဲပြီး တာဝန်ရှိသူများအနေဖြင့် မိမိကို တောင်းပန်ရန် ဆရီနာက တောင်းဆိုခဲ့သည်။

သို့သော် နာအိုမီသည် ပွဲချိန်တစ်လျှောက် တည်ငြိမ်အေးဆေးခဲ့ပြီး ဂျပန်နိုင်ငံအတွက် သမိုင်းဝင်နိုင်ပွဲရယူခဲ့သည်။

‘‘အခုတော့ ဒါက တကယ်ဖြစ်နေတယ်လို့ ကျွန်မ မခံစားရဘူး။ ရက်နည်းနည်းကြာရင် ကိုယ် ဘာလုပ်ပြခဲ့တယ် ဆိုတာကို ကျွန်မ နားလည်ပါလိမ့်မယ်’’ဟု နာအိုမီက ပြောသည်။

 နာအိုမီ အနိုင်ရဗိုလ်စွဲကြောင်း ကြေညာစဉ် ဆရီနာ၏ ပရိသတ်များက လှောင်ပြောင်ခဲ့သော်လည်း ငယ်ရွယ်သော ချန်ပီယံကို လေးစားမှုရှိရန် ပွဲကြည့်ပရိသတ်များကို ဆရီနာက တိုက်တွန်းသည်။

‘‘ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ ဆရီနာနဲ့ ကစားဖို့ဆိုတာ ကျွန်မရဲ့ အမြဲတမ်းအိပ်မက်ပါ။ အခုလိုကစားခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ကျေးဇူးတင်ပါတယ်’’ဟု နာအိုမီက ပြောကြားသည်။

—Ref: AFP/BBC