ဂျပန်မှာ ၀က်ဝမ်းကျရောဂါဖြစ်လို့ ၀က်ကောင်ရေ ရာနဲ့ချီ သုတ်သင်

နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်မှာ ၀က်ဝမ်းကျရောဂါ ကူးစက်ဖြစ်ပွားနေတဲ့အတွက် တိရိစ္ဆာန်အကောင်ရေ ၆၀၀ ကျော်ကို သုတ်သင်သတ်ဖြတ်ခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဆက်လက်ပြီး ပြည်ပကို ၀က်သားတင်ပို့မှုကိုပါ ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျပန်နိုင်ငံ အလယ်ပိုင်းက မွေးမြူရေးခြံတစ်ခုမှာ အဆိုပါ ကူးစက်မြန် ရောဂါ ဖြစ်ပွားမှုကြောင့် ၀က်ကောင်ရေ ၈၀ အထိ တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ပါတယ်။

ယင်းနောက် ကနဦး စစ်ဆေးစမ်းသပ်မှုတွေအတွင်း အဆိုပါ ရောဂါ ကူးစက်မှုကို မတွေ့ရှိခဲ့ရပေမယ့် နောက်ပိုင်း ဆက်လက်စစ်ဆေးခဲ့ရာမှာတော့ ၀က်ဝမ်းကျ ရောဂါဖြစ်ပွားမှု လက္ခဏာရပ်တွေ တွေ့ရှိခဲ့တဲ့အတွက် ယင်းခြံမှာရှိတဲ့ ၀က်ကောင်ရေ ၆၁၀ စလုံးကို သုတ်သင်လိုက်ရကြောင်း ၎င်းကထပ်လောင်းပြောသွားပါတယ်။

လက်ရှိအချိန်မှာ အစိုးရအနေနဲ့ အဆိုပါ ရောဂါကူးစက်မှုလမ်းကြောင်းကို စစ်ဆေးနေလျက်ရှိပြီး လက်တလောမှာ ပြည်ပကို ၀က်သားတင်ပို့မှုကိုတော့ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။  -Ref; AFP