အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ ကူမင်းဆွေးနွေးပွဲ ရလဒ်ကောင်းဟု TNLA ပြော

အစိုးရနှင့်တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)မြောက် ပိုင်းလက်နက်ကိုင်သုံးဖွဲ့မှ ကိုယ်စားလှယ်များ စက်တင်ဘာ ၅ရက်က တရုတ်နိုင်ငံကူမင်းမြို့၌ တွေ့ဆုံ ဆွေးနွေးရာ ပိတ်ဆို့နေသော တွေ့ဆုံ ဆွေးနွေးရေးလမ်း ပွင့်စေနိုင်သည့် ရလဒ်ကောင်းများ ရရှိခဲ့သည်ဟုTNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကပြောသည်။ နှစ်နာရီခန့်ကြာမြင့်သည့် အဆိုပါဆွေးနွေးပွဲသို့ အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့ တက်ရောက် ပြီး TNLAမှ ဗိုလ်မှူးချုပ်တာဘုန်းကျော်၊ ဗိုလ်မှူးမိုင်းအိုက်ကျော်၊ AAမှ ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာ ညိုထွန်း အောင် နှင့် MNDAA မှ ဒုတိယစစ်ဦးစီးချုပ်တို့ တက်ရောက်သည်။ ‘‘ရလဒ်အနေနဲ့ ကတော့ အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်တယ်လို့ပြောလို့ရပါတယ်။ ဒါပေမဲ့တိကျတဲ့ ရလဒ် တစ်နှစ်သုံး ဆိုတာမျိုးမရှိပါဘူး။ အပြုသဘော ဆောင်တဲ့ရလဒ်ဆိုတာက ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ လိုတယ်။ လာမယ့်အောက်တိုဘာကျရင် တစ်ခေါက် ထပ် တွေ့ဆုံမယ်’’ ဟု ဗိုလ်မှူးချုပ်တာဘုန်း ကျော်က ပြောသည်။

ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ဆိုင်ရာ ကိစ္စ၊ ရှမ်းပြည် မြောက်ပိုင်း ဒေသ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်လျှော့ချနိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ သော်လည်း အသေး စိတ်ကို လတ်တလောသတင်း ထုတ်ပြန်မည်မဟုတ်သေးဟု ၎င်းကဆိုသည်။ ဆွေးနွေးပွဲ ရလဒ်များကို သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များထံ တင်ပြမည်ဟုလည်း ဗိုလ်မှူးချုပ်တာဘုန်းကျော်က ပြောသည်။ ‘‘တစ်ဆို့ ပိတ်ဆို့နေတဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းပွင့်သွားဖို့ အတွက်တော့ ဒီနေ့တွေ့ဆုံဆွေးနွေးပွဲက ကောင်းတဲ့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်တယ်လို့ ပြောလို့ရပါတယ်’’ ဟု ၎င်းကဆိုသည်။ နှစ်ဖက်အဖွဲ့အစည်း များ အကြား ဆွေးနွေးပွဲများဆက်တိုက် ပြုလုပ်နိုင်ပြီး မှန်ကန်သည့်သဘောထားဖြင့် ဆွေးနွေးပါက ငြိမ်းချမ်းရေး အတွက် တိုးတက်မှု များရှိနိုင်သည်ဟု တာဘုန်းကျော် က ပြောသည်။

ယခုငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့တွေ့ဆုံပွဲသို့ ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့မှကိုယ်စားလှယ်များ အသိသက်သေအဖြစ် တက်ရောက်ခဲ့သည်။ ငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့သည် ၂၀၁၆က မိုင်းလားဒေသ၌ တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုး ကပြောသည်။ တွေ့ဆုံဆွေးနွေးမှုများ အချိန်မခြားဘဲ အကြိမ်ကြိမ် ပြုလုပ်ရန်လိုအပ်သည်ဟု ၎င်းက ဆိုသည်။ ‘‘အကြိမ်ကြိမ်ထပ်တွေ့ပြီး ညှိနှိုင်းမယ်ဆိုရင်တော့ အဖြေ တစ်ခုကို ရှာလို့ရမယ်လို့ ထင်ပါတယ်။ သိပ်အချိန်မကြာစေဘဲ ဆက်တိုက်လုပ်ဖို့တော့ လိုအပ်ပါတယ်။ ဒါမှ ရလဒ်ကောင်းထွက် နိုင်မှာပါ’’ ဟု ၎င်းကပြောသည်။

TNLA, MNDAA နှင့် AA တို့ သည် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA)ဦးဆောင်သည့် ပြည် ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်း ရေးကော်မတီ (FPNCC)အဖွဲ့ဝင် များဖြစ်သည်။ FPNCC ကို ‘၀’အ ဖွဲ့ (UWSA)၊ ကချင်အဖွဲ့ (KIO)၊ ရှမ်းအဖွဲ့ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ တအာင်းအဖွဲ့(TNLA)၊ ရခိုင်အဖွဲ့ (AA)တို့ဖြင့် ဖွဲ့စည်းထားသည်။ ယင်းမြောက်ပိုင်း လက်နက်ကိုင်ခုနစ်ဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်က နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တရုတ်နိုင်ငံ၏ကြား ၀င်ညှိနှိုင်းမှုဖြင့် တက်ရောက်ခဲ့သည်။ မြောက်ပိုင်း အဖွဲ့များ၏ နေပြည်တော်ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းတွေ့ဆုံမှုများနောက်ပိုင်း ၂၁ ရာစု ပင်လုံအပြီးတွင် တပ်မတော်ကိုယ်စားလှယ်နှင့် KIA ခေါင်းဆောင်များအကြား အလွတ်သဘောဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ထားသည်။

ထို့နောက် ငြိမ်းချမ်းရေး ကော်မရှင်နှင့်မြောက်ပိုင်းသုံးဖွဲ့တို့ ဩဂုတ်ဒုတိယပတ်တွင် တွေ့ဆုံရန် ချိန်းဆိုသော် လည်း ကော်မရှင်က မအားလပ်၍ ယခုစက်တင်ဘာမှ တွေ့ဆုံခြင်းဖြစ်သည်။ အစိုးရအနေဖြင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များအပါ အ၀င် NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များ ပါဝင် လက်မှတ်ထိုးနိုင်ရေး ဆောင်ရွက်နေသည်။