နာဒယ်၊ ဒယ်လ်ပေါ်ထရိုနှင့် ဆရီနာဝီလျံ ယူအက်စ်အိုးပင်း အကြိုဗိုလ်လုပွဲတက်

နယူးယောက်မြို့တွင် ကျင်းပနေသော ယူအက်စ် အိုးပင်း ဂရင်းဆလမ်တင်းနစ် ပြိုင်ပွဲတွင် စပိန်မှ နာမည်ကျော် ရာဖေးလ်နာဒယ်နှင့် ချန်ပီယံဟောင်း ဒယ်လ်ပေါ်ထရိုတို့ ဆီမီးဖိုင်နယ် သို့ တက်ရောက်ခဲ့သည်။

ယူအက်စ်အိုးပင်းခြောက်ကြိမ် ချန်ပီယံ ဆရီနာဝီလျံလည်း ဆီမီးသို့ တက်ရောက်ခဲ့သည်။ သို့သော်လက်ရှိ အမျိုးသမီး ချန်ပီယံ စလုန်းစတီဗင်သည် လတ် ဗီးယားမှ နိုင်ခြေအဆင့် (၁၉)  ဆီဗက်စ်တိုဗာကို ရှုံးနိမ့်ခဲ့သည်။

စပိန်မှ လက်ရှိချန်ပီယံ ရာ ဖေးလ်နာဒယ်သည် ရင်းနှီးသော မိတ်ဆွေလည်းဖြစ်သူ ဒိုမ်နစ်သီ ယန်ကို ၀-၆၊ ၆-၄၊ ၇-၅၊ ၆-၇ (၄)၊ ၇-၆ (၅) ဖြင့် ၄ နာရီ ၄၉ မိနစ် ကစားပြီး အနိုင်ရရှိခဲ့သည်။

နာဒယ်သည် ဆီမီးဖိုင်နယ်တွင် ၂၀၀၉ ယူအက်စ်အိုးပင်း ချန်ပီယံ ဒယ်လ်ပေါ်ထရိုနှင့် ရင် ဆိုင်တွေ့မည်ဖြစ်သည်။

အာဂျင်တီးနားသား ဒယ်လ် ပေါ်ထရိုသည် အမေရိကန်နိုင်ငံသား ဂျန်အစ်စနာကို ၆-၇ (၅-၇)၊ ၆-၃၊ ၇-၆ (၇-၄) ၊ ၆-၂ ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ထိုအတောအတွင်း အမျိုးသမီးဘက်ခြမ်းတွင် အမေရိကန် တင်းနစ်အကျော်အမော် ဆရီနာ ဝီလျံက ချက်တင်းနစ်မယ် ကာရို လီနာပလစ်ကိုဗာကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ကာ ပြီးခဲ့သည့်နှစ် စက်တင်ဘာက သမီးငယ်အိုလံပီ ယာကို မွေးဖွားပြီးနောက်ပိုင်း ပထမဆုံး ဂရင်းဆလမ်ဆုဖလား ရရှိရန် ကြိုးစားမည်ဖြစ်သည်။

အမေရိကန်သူ လက်ရှိချန်ပီယံ စလုန်းစတီဗင်သည် ဆီဗက်စ်တိုဗာကို ၆-၂၊ ၆-၃ ဖြင့် ရှုံးပြီး ဒုတိယအကြိမ် ဗိုလ်စွဲရေး အိပ်မက်များ ပျက်ပြယ်ခဲ့သည်။ ဆီဗက်စ်တိုဗာသည် ဆီမီးဖိုင်နယ်တွင် ဆရီနာဝီလျံနှင့်ရင်ဆိုင် တွေ့မည်ဖြစ်သည်။

—Ref:AP