ဂျပန် ဟော့ကိုင်းဒိုးကျွန်းမှာ အားပြင်းငလျင်တစ်ခု လှုပ်ပြီး လူ ၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

စက်တင်ဘာ ၆

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်းမှာ စက်တင်ဘာ ၆ ရက်က ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ အားပြင်း မြေငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီးနောက် လူ နှစ်ဦး သေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ငလျင် လှုပ်ပြီးနောက် နေအိမ်အများအပြား ပြိုကျကာ မြေပြိုမှုတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်နောက်ပိုင်း လူ ၃၂ ဦးထက်မနည်း ပျောက်ဆုံးနေပြီး အခြား ၁၂၀ လောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ငလျင်ကြောင့် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်တာတော့ မရှိခဲ့ပါဘူး။ သို့ပေမယ့် ငလျင်လှုပ် ပြီးနောက် ကမ်းရိုးတန်း ဧရိယာတွေမှာ ပင်လယ်ရေမျက်နှာပြင် အပြောင်းအလဲ အနည်းငယ် ဖြစ်နိုင်ကြောင်း ဂျပန် မိုးလေ၀သ ဌာနက သတိပေးထားပါတယ်။

ဒါဟာ ယခုသီတင်းပတ်ထဲမှာပဲ ပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ၀င်ရောက်တိုက်ခတ်မှုနဲ့ ကြုံတွေ့ထားရ ပြီးနောက် ယခုအခါမှာလည်း ငလျင်ကြောင့် ကြီးမားတဲ့ မြေပြိုမှု ဖြစ်စဉ်တွေပါ ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။

ငလျင်လှုပ်ပြီးနောက် နေအိမ်ပေါင်း ၃ သန်းလောက် လျှပ်စစ် မီးပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

ယခု ငလျင်လှုပ်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်သား ၂၀,၀၀၀ လောက် အရေးပေါ်ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်နေကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ယိုရှီဟိုက် ဆူဂါက ပြောသွားပါတယ်။

” ပြည်သူတွေရဲ့ အသက်စည်းစိမ်တွေကို ကယ်ဆယ်နိုင်ဖို့ ကျွန်တော် တို့ အကောင်းဆုံး လုပ်သွားပါမယ်” ဆိုပြီး ၀န်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေး အပြီးမှာ ပြောသွားပါတယ်။

-Ref: AFP