ယူအီးအက်ဖ်အေရုံးချုပ်က ထိပ်တန်းနည်းပြတွေရဲ့တွေ့ဆုံပွဲ

ဘောလုံးလောကတိုးတက်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းနည်းပြတွေ့ရဲ့တွေ့ဆုံပွဲကို ယူအီးအက်ဖ်အေက သူတို့အခြေစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ယွန်မြို့မှာ နှစ်စဉ်ကျင်းပလေ့ ရှိခဲ့ပါတယ်။

အင်္ဂါနေ့ကကျင်းပခဲ့တဲ့ တွေ့ဆုံပွဲကတော့ အကြိမ် 20 မြောက်ဖြစ်ပြီး မန်ယူနည်းပြမော်ရင်ဟိုနဲ့အတူ အာဆင်နယ် ဂန္ထ၀င်နည်းပြကြီး အာစင်ဝင်းဂါးတို့ ဦးဆောင်ပါဝင်ခဲ့ကြပါတယ်။ ယူအီးအက်ဖ်အေဟာ လက်ရှိအာဆင်နယ်နည်းပြ အမ်မရီကိုလည်း ဖိတ်ကြားထားပေမယ့် တက်ရောက်လာခြင်းတော့ မရှိခဲ့ပါဘူး။ မော်ရင်ဟိုနဲ့အတူ ရီးရဲလ်မက်ဒရစ် နည်းပြလိုပက်တီဂူ၊ မာဆေးနည်းပြရူဒီဂါစီယာ၊ အက်သလက်တီကိုနည်းပြဆီမြွန်နီ၊ ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်၊ ဂျူဗင်တပ်နည်းပြအယ်လီဂရီ၊ နာပိုလီနည်းပြအန်ဆလော့တီ၊ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်တို့လို နာမည်ကျော်နည်းပြတွေ ပါဝင်ခဲ့တာပါ။

ယူအီးအက်ဖ်အေရဲ့တွေ့ဆုံပွဲမှာ စုစုပေါင်းထိပ်တန်းနည်းပြ 12 ဦးတက်ရောက်ခဲ့တာဖြစ်ပြီး ဥက္ကဋ္ဌဆီဖာရင်က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ နည်းပြတွေရဲ့တွေ့ဆုံပွဲဆိုပေမယ့် စည်းမျဉ်းကန့်သတ်ချက်တချို့တော့ရှိပြီး အဲဒီထဲမှာ ချန်ပီယံလိဂ်ပွဲပေါင်း 100 ပြည့်အောင် ကိုင်တွယ်ဖူးတဲ့သူဆိုတာမျိုးတွေလည်း ပါဝင်ပါတယ်။ စည်းမျဉ်းတွေနဲ့ ကိုက်ညီသူတွေကိုမှ ယူအီးအက်ဖ်အေက ဖိတ်ကြားတာဖြစ်ပြီး အရင်ကတော့ မန်ယူဂန္ထ၀င် နည်းပြကြီး ဖာဂူဆန်က ဦးဆောင်ပါဝင်လေ့ရှိခဲ့တာပါ။

ဒီနှစ်အတွက်တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူအားလုံးက ယူအီးအက်ဖ်အေရဲ့ သံတမန်တစ်ဦးလည်းဖြစ်ပြီး ကျန်းမာရေး အခြေအနေကြောင့် အနားယူနေရတဲ့ ဖာဂူဆန်အတွက် ဆုတောင်းစကား ဆိုခဲ့ကြပါသေးတယ်။

-Ref; Sky sports