ဆီးရီးယား သူပုန်များ နောက်ဆုံး တပ်စွဲထားရာ ဒေသကို ရုရှားလေတပ် စတင်ဗုံးကြဲ

ဆီးရီးယားတွင် သူပုန်တပ်များ အလုံးအရင်း တပ်စွဲထားရာ နောက်ဆုံးလက်ကျန် နယ်မြေဖြစ်သော အစ်ဒ်လစ်ဘ်ကို ရုရှားလေတပ်က စတင် ဗုံးကြဲနေကြောင်း သိရသည်။

သမ္မတ ဘာရှာ အယ်လ်အာဆတ်ဖက်မှ ကူညီတိုက်ခိုက်နေသည့် ရုရှားစစ်တပ်က စက်တင်ဘာ ၄ ရက်တွင် အစ်ဒ်လစ်ဘ်ရှိ သူပုန် ခြေကုပ်နယ်မြေများကို ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ အစ်ဒ်လစ်ဘ်ကိုသာ အစိုးရတပ်များက သိမ်းယူနိုင်ခဲ့ပါက ၇ နှစ် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ် ဆုံးခန်းတိုင်သွားပြီဟု ဆိုနိုင်သည်။

အစ်ဒ်လစ်ဘ် အနီးတွင် ရုရှား၊ အီရန်နှင့် ဆီးရီးယား မဟာမိတ် တပ်များက ဝန်းရံ ပိတ်ဆို့ထားပြီး မြေပြင်ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲတော့မည်ဟု သတင်းထွက်နေချိန်တွင် ယခုလို ကနဦးအဆင့် လေကြောင်းမှ ဗုံးကြဲမှုများ စတင်လာခြင်း ဖြစ်သည်။

အစ်ဒ်လစ်ဘ်ကို သိမ်းယူသည့် စစ်ပွဲ စတင်ပါက ဒေသခံ အရပ်သား အများအပြားပါ သေကြေ ပျက်စီးမည့် အခြေအနေကို ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်နေသည်။ တစ်ဖက်တွင် အစ်ဒ်လစ်ဘ်နှင့် နယ်နိမိတ် ထိစပ်နေသည့် တူရကီကလည်း နယ်စပ်သို့ စစ်တပ်များ စေလွှတ်ကာ တိုက်ပွဲမှ ကျွံထွက်လာသည့် သူပုန်များ တူရကီဖက်သို့ ဝင်မလာနိုင်ရန် တားဆီး စောင့်ကြပ်လျက် ရှိသည်။

အမေရိကန် အစိုးရကမူ အစ်ဒ်လစ်ဘ်ကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး မပြုရန် ရုရှားနှင့် ဆီးရီးယားတို့ကို ကုလသမဂ္ဂတွင် တောင်းဆိုထားသည်။ လက်ရှိ အခြေအနေများ အရမူ အစ်ဒ်လစ်ဘ် စစ်ပွဲသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း စတင်လာဖွယ် ရှိနေပြီး သူပုန်တပ်များ အရေးနိမ့်ရန် ရာနှုန်းပြည့်နီးပါး သေချာနေကြောင်း ဆီးရီးယားအရေး စောင့်ကြည့်သူများက မှတ်ချက်ပြု ပြောဆိုထားကြသည်။

Ref: Wall Street Journal