ရွာသစ်ကျေးရွာ ဓမ္မစကူးလ်သို့ မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများလှူဒါန်း

 

မလှိုင်၊ စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီးမလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွာသစ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ဓမ္မစကူးလ်အတွက် အလှူငွေများပေးအပ်လှူဒါန်းခြင်းနှင့် ရွာသစ်ကျောင်းဆရာတော်အား ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွာသစ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူ၍ မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် ပါတီကော်မတီဝင်များက ဆရာတော်အားဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။ ထို့နောက်ရွာသစ်ကျေးရွာကျောင်းတွင် ဖွင့်လှစ်သင်ကြားနေသော ဓမ္မစကူးလ်ကျောင်း ထာဝရငွေပဒေသာပင်အတွက် မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူငွေကျပ် ၇၅ဝဝဝ ကိုပေးအပ်ရာ ရွာသစ်ကျေးရွာဓမ္မစကူးလ် ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့သည်ဓမ္မစကူးလ်ကလေးငယ်များ လက်တွေ့သင်ကြားနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ရွာသစ်ကျေးရွာ ဓမ္မစကူးလ်တွင် ကျောင်းသားကျောင်းသူ ၂၅ဝ ရှိပြီး ဆရာဆရာမ ရှစ်ဦးဖြင့် ဝါတွင်းကာလတွင် ဥပုသ်နေ့တိုင်း၊ ဝါပကာလတွင် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)