ဒေ့ဗ်နှင့် ထွန်းထွန်းမင်း မကျေပွဲ ဒီဇင်ဘာ ၉ ရက် ကျင်းပမည်

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နှင့် တစ်ကျော့ပြန် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ဒီဇင်ဘာ ၉ ရက်တွင် မကျေပွဲ ယှဉ် ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း ပွဲ စီစဉ်သူ ဦးဝဏ္ဏက ပြောသည်။

အဆိုပါစိန်ခေါ်ပွဲကို ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ပြိုင်ပွဲကျင်းပမည့်နေရာကိုမူ မဆုံးဖြတ်ရသေးကြောင်း ဦးဝဏ္ဏက ဆိုသည်။

‘‘မြန်မာပြည်ချန်ပီယံစိန်ခေါ် ပွဲအနေနဲ့ ထိုးမှာပါ။ ဒေ့ဗ်က ထွန်းထွန်းမင်းကို နိုင်ပြီး မြန်မာပြည် ချန်ပီယံ ဖြစ်ထားတာဆိုတော့ ဒီတစ်ခေါက်က ထွန်းထွန်းမင်းက ပြန်ပြီး စိန်ခေါ်တဲ့ပွဲပါ။ သူတို့နှစ်ယောက်ပဲ သိသေးတယ်။ တခြားတွဲဆိုင်းတွေတော့ စီစဉ်နေတုန်း ပဲ’’ဟု ၎င်းက ပြောသည်။

ထွန်းထွန်းမင်းသည် ဒေ့ဗ် လက်ဒပ်နှင့် နှစ်ကြိမ်ယှဉ်ပြိုင်ဖူးပြီး ပထမပွဲတွင် သရေကျကာ ဒုတိယပွဲတွင် ရှုံးနိမ့်သော ကြောင့် မြန်မာပြည်ချန်ပီယံဘွဲ့ကို လွှဲပြောင်းပေးခဲ့ရသည်။ ထို့ကြောင့် လာမည့် မကျေပွဲ၌ ဒေ့ဗ်ကို အနိုင်ယူပြီး ချန်ပီယံဘွဲ့ပြန်လည်ရယူ ရန် ရည်မှန်းထားကြောင်း ထွန်းထွန်းမင်းက ပြောသည်။

‘‘ဒေ့ဗ်ကို ပြန်ထိုးဖို့အတွက် ကျွန်တော့်ဘက်က အဆင်သင့် ဖြစ်နေပါပြီ။ စာချုပ်လည်း ချုပ်ပြီး ပြီ။ ဒေ့ဗ်နဲ့ပွဲအတွက် ပြင်ဆင်မှုတွေ သေချာလုပ်သွားမှာပါ။ ဆိုင်းယော့နဲ့ ပွဲထိုးပြီး နောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာပါတယ်။ ဆိုင်းယော့နဲ့ထိုး ပြီးတဲ့အချိန်မှာ သူ့လောက် ဘယ်သူမှ ကြောက်ဖို့ မကောင်းတော့ဘူး။ ဒေ့ဗ်ရဲ့ပွဲတွေကိုလည်း လေ့လာထားပြီး သူ့ရဲ့အားနည်းချက်ကို သေချာကြည့်ထားပါတယ်’’ဟု မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံဟောင်း ထွန်းထွန်းမင်းက ပြော သည်။

ထွန်းထွန်းမင်းသည် နောက် ဆုံးပြိုင်ပွဲတွင် ကွန်ဂိုနိုင်ငံသား လိုကုကုနှင့် ပူးတွဲသရေကျထားသည်။

ဒေ့ဗ်သည် နောက်ဆုံးပြိုင် ပွဲတွင် ထိုင်းလက်ဝှေ့ကျော် ဒီစဲ လက်ကို အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

7Days