ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကနေ နုတ်ထွက်မည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

သြဂုတ် ၃၁

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး (WTO) အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ မလုပ်ဘူးဆိုပါက ယင်းအဖွဲ့ကြီးကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မယ်ဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောကြားသွားကြောင်း သိရပါတယ်။

အဆိုပါ ခြိမ်းခြောက်စကားကိုတော့ ထရမ့်က သြဂုတ် ၃၀ ရက်နေ့က Bloomberg သတင်းဌာနဲ့ အင်တာဗျူးတစ်ရပ်မှာ ပြောကြားသွားခြင်းလည်း ဖြစ်ပါတယ်။

ယင်းဟာ ထရမ့်ဘက်က WTO အပေါ် နောက်ဆုံးအကြိမ် ထပ်မံ ဝေဖန်တိုက်ခိုက်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

တကယ်လို့သာ ထရမ့်သာ အမေရိကန်ကို ယင်းအဖွဲ့ကြီးကနေ တကယ်ပဲ နုတ်ထွက်လိုက်စေမယ်ဆိုရင်တော့ ဒါဟာ မျက်မှောက်ခေတ် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု စနစ် အုတ်မြစ်တွေထဲက တစ်ခုကို တိုက်စားထိခိုက် သွားစေနိုင်ဖို့လည်း ရှိနေပါတယ်။

” သူတို့ မပြောင်းမလဲဘူးဆိုရင် ကျွန်တော်တို့ နုတ်ထွက်ရပါလိမ့်မယ်” ဆိုပြီး ထရမ့်က ပြောသွားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းတို့နိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်မှုထဲမှာ မမျှမတ ဆက်ဆံခံနေရတယ်လို့ ပြစ်တင်ပြောကြားထားခဲ့သေးပြီး ယင်းသို့ ဖြစ်ပျက်နေမှုများအတွက် WTO အပေါ် ပြစ်တင်နေလျက်ရှိတာ ဖြစ်ပါတယ်။

-Ref; AFP