ဆိုဗီယက်ခေတ်နောက်ပိုင်း ရုရှား၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်

ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ရုရှားတွင် အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်ကို စတင်သွားမည်ဟု သိရသည်။

Vostok-2018 စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ စစ်ဒေသများတွင် ပြုလုပ်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူက ပြောကြားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုတွင် စစ်မှုထမ်း သုံးသိန်းနီးပါး၊ လေယာဉ်ပေါင်း တစ်ထောင်ကျော်၊ ရုရှား၏ ရေတပ်မကြီး နှစ်ခု၊ လေထီးတပ်ဖွဲ့များ အားလုံး စုပေါင်း ပါဝင်ကြမည် ဖြစ်သည်။

အနောက်အုပ်စုနှင့် ရုရှားတို့ကြား တင်းမာမှု တရိပ်ရိပ် မြင့်တက်လာချိန်တွင် ရုရှားက ယခု စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ ရုရှား၏ အနောက်ဖက်ခြမ်း နယ်နိမိတ်တွင် NATO မဟာမိတ် စစ်အုပ်စု၏ အင်အား ဖြန့်ကျက်လာခြင်းကြောင့် နှစ်ဖက် ဆက်ဆံရေး ပိုမို ထိလွယ်ရှလွယ် ဖြစ်လာသည်။

NATO မဟာမိတ် အဖွဲ့က ၂၀၁၄ ခုနှစ်တွင် ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက သိမ်းယူခဲ့သည့် ဖြစ်စဉ်ကြောင့် အရှေ့ဥရောပ၌ ၎င်းတို့၏ စစ်အင်အားကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဟု အကြောင်းပြထားသည်။

ရုရှား၏ ဆိုဗီယက်ခေတ်နောက်ပိုင်း အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှုကြီးကို စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း ပြုလုပ်မည် ဖြစ်သည်။ ယခုကိစ္စသည် ဂျပန် အစိုးရ အတွက်လည်း စိုးရိမ်စရာ ဖြစ်လာနိုင်သည်။ ရုရှား အရှေ့ပိုင်းတွင် စစ်အင်အား တိုးချဲ့နေခြင်းနှင့် ပတ်သက်၍ ယခင်ကတည်းက ဂျပန်ဖက်က ကန့်ကွက်ခဲ့ဖူးသည်။

Ref: Reuters