ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွှေကျင်မြို့နယ်ရှိ ရေလွှမ်းမိုးခြင်းခံရသောကျေးရွာများသို့ ထောက်ပံ့ရေးပစ္စည်းများလှူဒါန်း ပေးအပ်
သြဂုတ် ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီိဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးတွဲဖက်တာဝန်ခံ ဦးလှသိန်း၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်း၊ ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်၊ ဒေါ်နီနီမာ တို့လိုက်ပါလျှက် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင်ရွှေကျင်မြို့နယ်တွင်း စစ်တောင်းမြစ်ရေကြီးမှုကြောင့် ရေလွှမ်းမိုးခြင်းခံရသော ကျွန်းတဲစုရွာ၊ စံဖဲရွာ၊ ညောင်အိုင်ရွာများရှိ မိဘပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများအား ကူညီထောက်ပံ့ပေးခဲ့သည်။
ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တောင်းမြစ်မှတဆင့် စက်လှေများဖြင့် အဆိုပါကျေးရွာများသို့ သွားရောက်ကြပြီး စံဖဲဘုန်းတော်ကြီးကျောင်းတိုက်သို့ရောက်ရှိကြကာ ဆရာတော်ဘုရားအားဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ကျောင်းတိုက်ဓမ္မာရုံတွင် ရေလွှမ်းမိုးခြင်းခံရသည့် ကျေးရွာများမှ မိဘပြည်သူများအားတွေ့ဆုံကာ အားပေးစကားပြောကြားသည်။ ၎င်းကျေးရွာများမှ ရပ်မိရပ်ဖများမှ ကျေးရွာများ၏အခက်အခဲများအားတင်ပြဆွေးနွေးကြရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ယင်းနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး၊ ပါတီဗဟိုအလုပ်အမှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များမှ ရေလွှမ်းမိုးခြင်းခံရသည့် ကျေးရွာများအား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။