အောင်လအန်ဆန် အောက်တိုဘာတွင် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်

(ဓာတ်ပုံ − အောင်လဖေ့စ်ဘွတ်ခ်)

 အောက်တိုဘာအတွင်း ယှဉ်ပြိုင်မည့် MMA ကမ္ဘာ့ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ ထိုးသတ်ရန်  သြဂုတ် ၂၂ ရက်က One Championship နှင့် စာချုပ် ချုပ်ဆိုခဲ့ကြောင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် အောင်လအန် ဆန်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ချန်ပီယံဆုကာကွယ်ပွဲ (Pursuit of Greatness) ကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ရုံ (၁) သုဝဏ္ဏ၌ကျင်းပမည် ဖြစ်ကြောင်း One Championship က ထုတ်ပြန်ထားသည်။ သို့သော် One Championship အနေဖြင့် ယင်းပြိုင်ပွဲအတွက် အောင်လ အန်ဆန်နှင့် ယှဉ်ပြိုင်မည့် ပြိုင်ဘက်ကိုမူ လက်ရှိအချိန်ထိထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။

ယင်းချန်ပီယံ ကာကွယ်ပွဲအတွက် အပြင်းအထန်လေ့ကျင့် ပြင်ဆင်ထားကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ တွင် အောင်လ အန်ဆန်က ရေးသားထားသည်။

‘‘အောက်တိုဘာအတွင်း ကျွန်တော်ရဲ့ ခါးပတ်တစ်ခု ကာကွယ်ပွဲအတွက် စာချုပ်မှာ လက်မှတ် ရေးထိုးပြီးပါပြီ။ ဒီပွဲအတွက် အပြင်းအထန် လေ့ကျင့်ထားပါတယ်။ ဒီလိုမျိုးအခွင့်အလမ်းရရှိတဲ့ အတွက်လည်း အရမ်းကျေးဇူး တင်တယ်။ အောင်ပွဲအတွက်ဆာလောင်နေပါပြီ။ ပြိုင်ပွဲအတွက် အံ့အားသင့်ဖွယ်တွေ ပြသဖို့ မစောင့်နိုင်တော့ လောက်အောင်ပါ ပဲ။ပြိုင်ပွဲစီစဉ်ပေးတဲ့One Cham-pionship က ၀န်ထမ်းအားလုံးနဲ့ ဥက္ကဌဖြစ်တဲ့ ချာရတီကို ကျေးဇူးတင်တယ်။ ကျွန်တော့်ကို ချစ်တဲ့၊ အားပေးတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်’’ဟု ၎င်းက ရေးသားထားသည်။

အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲအတွက် ဇူလိုင်က စတင်ကာ အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Hard Knocks 365 ၌ လေ့ကျင့်ပြင်ဆင်နေသည်။

အောင်လအန်ဆန်သည် လက်ရှိတွင် MMA (One Championship) မစ်ဒယ် ၀ိတ်တန်းနှင့် လိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံခါးပတ်နှစ်ခုပိုင်ရှင် ဖြစ်သည်။

(၃၃) နှစ်အရွယ် အောင်လ အန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၃ ပွဲ ယှဉ်ပြိုင်ပြီး  ၂၃ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။

7Days