ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲသို့ ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား
မင်းဘူး(စကု)၊ သြဂုတ်၊ ၂၂
ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂နာရီ အချိန်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကုလားပါးကျေးရွာ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဦးဟန်မောင်၊ ဦးစောဝင်းမောင်၊ ဦးကျော်သူဦး၊ ဦးအောင်နိုင်၊ မင်းဘူးခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ရွှေမင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်၊ အတွင်းရေးမှူး ဒေါ်စပယ်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ၊ ပါတီဝင်အသစ် ၃၀၀ ဦး အပါအဝင် စုစုပေါင်းအင်အား ၄၅၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည် ။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းတို့ဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ ပါတီဝင်အဆိုပြုလွှာများအား ကျေးရွာပါတီဥက္ကဌ ဦးဝင်း မှ ပေးအပ်ရာ နယ်မြေတာဝန်ခံ၊ မြို့နယ်ကော်မတီဝင် ဦးသောင်းဟန်မှ လက်ခံရယူပြီး ပါတီဝင်ကြေးများအား မြို့နယိအရံကော်မတီဝင် ဦးဌေးမောင်မှ ပေးအပ်ရာ မြို့နယ်တွဲဘက်ဘဏ္ဍာရေးမှူး ဦးစိုးလွင်မှ လက်ခံ ရယူခဲ့ပါသည်။ ပါတီဝင်များကိုယ်စား ဒေသခံပြည်သူ ဦးညွန့်ဝင်း မှပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့်တိုင်းပါတီကော်မတီဝင်များဖြစ်ကြသောဦးကျော်သူဦး၊ ဦးအောင်နိုင် တို့မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင်မှ ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခဲ့ပြီး ပါတီဝင်အသစ်များအား ရင်ထိုးတံဆိပ်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ကြကာ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
မင်းဇော်