ပြည်ခိုင်ဖြိုးပါတီဟာ ဘယ်အချိန်ပဲရောက်ရောက် အမျိုးသားအကျိုးစီးပွားအတွက်ကို ရှေ့တန်းကရပ်ဆောင်ရွက်နေတဲ့ပါတီအမျိုးသားရေးကိုသစ္စာမဖောက်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ပြောကြား

 

ပဲခူး သြဂုတ် ၂ဝ

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညီညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီဝင်များ၊ ကဝမြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးမြင့်နှင့် မြို့နယ်ကော်မတီများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကဝမြို့နယ်ရှိ ရေဘေးသင့်ဒေသများဖြစ်သော ငှက်ကျော်၊ ကံလှ၊ ကမ်းပြို၊ စာဖြူစုကျေးရွာများသို့သွားရောက်၍ ရေဘေးသင့်အိမ်ခြေ ၁၇၆ လုံးတွင်နေထိုင်ကြသော ပြည်သူများထံသို့ ဆန်နှင့်ဆီများ သွားရောက်လှူဒါန်း ကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး(အရှေ့) သနပ်ပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် လေဆင်နှာမောင်းတိုက်ခတ်၍ ထိခိုက်ပျက်စီး ဆုံးရှုံးသွားသော အပိုင်၊ ခရမ်း၊ ခရမ်းညောင်ပင်၊ စွန်ပိ စသည့်ကျေးရွာများရှိ ပြည်သူ များအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း သည် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းဒေသကြီးကော်မတီဝင်များ၊ လူငယ်တာဝန်ခံများ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းတို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းက အိမ်ထောင်စု ၉၈ စုစာအတွက် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ခြုံစောင်များနှင့် မျက်နှာ သုတ်ပဝါများ သွားရောက်လှူဒါန်းခဲ့ရာ ဒေသခံပြည်သူများက လက်ခံရယူကြသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံ ဦးလှသိန်းက ဒေသခံပြည်သူများနှင့် တွေ့ဆုံပြောကြားရာတွင် ”ကျွန်တော်တို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဘယ်အချိန်မျိုးပဲရောက်ရောက် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်၊ အမျိုးသားအကျိုးစီးပွားအတွက်ကို ရှေ့တန်းကရပ်တည်သွားပြီး ဆောင်ရွက်ပေးမယ်။ ဒါကြောင့်မို့ အမျိုးသားရေးဖြစ်တဲ့ ကိုယ့်တိုင်းရင်းသားတွေ ဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်သလောက် ပထမအကြိမ် လှူဒါန်းခဲ့ပြီးပါပြီ။ ဒုတိယအကြိမ် တတိယအကြိမ် လာရောက်လှူဒါန်းခြင်းဖြစ်တယ်။
နောက်နေ့မှာလည်း ရွှေကျင်သွားပြီး တတိယအကြိမ် သွားရောက်လှူဒါန်းဦးမှာ ဖြစ်တယ်။ ထပ်ပြီး လှူပေးချင်သေးတယ်။ ကျွန်တော်တို့ရဲ့ ခံယူချက်အတိုင်း ပြည်ခိုင်ဖြိုး ပါတီသည် မိဘပြည်သူများမှတ်ထားဖို့က ဘယ်တော့မှ အမျိုးသားရေးကို သစ္စာမဖောက် သလို အမျိုးဘာသာကို ဘယ်တော့မှ သစ္စာဖောက်ပြီးလုပ်မယ့် ပါတီထဲမှာ ကျွန်တော်တို့ ပါတီ လုံးဝမပါဘူး။ အမြဲတမ်း အမျိုးသားအကျိုးစီးပွားအတွက် ဦးထိပ်ပန်ဆင်မယ်”လို့ ပြောကြားခဲ့ပြီး လှူဒါန်းကူညီသည့်ပစ္စည်းများအား ပါတီတာဝန်ရှိသူများက အသီးသီး ပြည်သူ့လက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

ဖြိုးကိုလင်း၊ မင်းခန့်ဇော်