ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ မက်ဆီ ပါဝင်ခြင်းမရှိ

၂၀၁၇-၁၈ ဘောလုံးရာသီယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်(၃)ဦး စာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ရာမှာ မက်ဆီပါဝင်ခြင်း မရှိဘဲ စီရော်နယ်ဒို၊ မိုဒရစ်နဲ့ ဆာလက်တို့ ပါဝင်ခဲ့ပါတယ်။ ဆာလက်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးနဲ့အတူဒုတိယရရှိခဲ့တာကြောင့် အခုလိုပါဝင်ခဲ့တာပါ။

အဆိုပါ အီဂျစ်ကစားသမားဟာ လီဗာပူးမှာသူ့ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံ(၄၄)ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ် တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ရီးရဲလ်ကွင်းလယ်လူမိုဒရစ်ကလည်း ချန်ပီယံလိဂ်ဖလားရခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခရိုအေးရှားနဲ့အတူ ဒုတိယရခဲ့ပါတယ်။ ဆန်ကာတင်(၃)ဦးစာရင်းကို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်ပါဝင်ခဲ့တဲ့ အသင်းတွေကနည်းပြ(၈၀)ဦးနဲ့ ဥရောပအားကစား မီဒီယာအဖွဲ့က ဂျာနယ်လစ်(၅၀)ဦးတို့က ရွေးချယ်ခဲ့တာပါ။

ယူအီးအက်ဖ်အေတစ်နှစ်တာအကောင်းဆုံး ဆုကိုတော့ သြဂုတ်လ(၃၀)ရက်၊ မိုနာကိုမှာကျင်းမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့်မဲခွဲပွဲမှာ ချီးမြှင့်သွားမှာပဲ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ယူအီးအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံး အမျိုးသမီးကစားသမားဆုနဲ့ ချန်ပီယံလိဂ် နေရာအလိုက် အကောင်းဆုံးဆုတွေကို ချီးမြှင့်သွားမယ်လို့သိရပါတယ်။

-Ref; Sky sports