အခုရာသီ ချဲလ်ဆီးမှာဆက်ရှိမယ်လို့ ဟာဇက် အတည်ပြုပြော

ချဲလ်ဆီးကွင်းလယ်လူ ဟာဇက်က အခုရာသီမှာ အသင်းမှာပဲဆက်ရှိနေမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီးအသင်းမှာ ကာလရှည်ဆက်ရှိဖို့ကိုတော့ သူက ငြင်းဆိုခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ် ကစားသမားဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်မှာ နွေဈေးကွက်ပိတ်သွားပြီဖြစ်ပေမယ့် သြဂုတ်လမကုန်မီ အခြားဥရောပကလပ်အသင်း တစ်သင်းကို ပြောင်းရွှေ့မယ်ဆိုပြောင်းလို့ ရပါသေးတယ်။ ဒါပေမယ့် ကွင်းလယ်လူ ဟာဇက်က အခုနှစ်မှာ ချဲလ်ဆီးကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ အတည်ပြုပြောခဲ့ပါတယ်။ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဟာဇက်က “ကမ္ဘာ့ဖလားပြိုင်ပွဲပြီးတဲ့နောက် ကျွန်တော် ပြောခဲ့တာတွေကို အားလုံးသိမှာပါ။ ချဲလ်ဆီးမှာ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက (၂)နှစ်ကျန်ပါသေးတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရပါတယ်။ ဒီနှစ်မှာတော့ အသင်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးဟာ ဟာဇက်ကို အသင်းမှာဆက်ထိန်းနိုင်ဖို့ တစ်ပတ်လုပ်ခ ပေါင်(၃၀၀၀၀၀)နဲ့ စာချုပ်သစ် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

-Ref: Sky sports