ဆီးရီးယား ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ရန် ပူတင်၏ တောင်းဆိုချက်ကို မာကယ် ငြင်းဆို

ဘာလင် သြဂုတ် ၁၉

ဆီးရီးယားနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ငွေကြေး ထောက်ပံ့ပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တောင်းဆိုချက်ကို ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်က ငြင်းဆို လိုက်ကြောင်း သိရသည်။

ဆီးရီးယား အရေးနှင့် စပ်လျဉ်း၍ အဓိက လုပ်ဆောင်ရမည့် အချက်မှာ သူပုန်များ ထိန်းချုပ်ထားသည့် ဒေသများ၌ လူသားချင်း စာနာထောက်ထားမှုကို ထိခိုက်စေမည့် ဆောင်ရွက်ချက်များကို ရှောင်ရှားရန်နှင့် ထိုဒေသများကို ပြန်လည် သိမ်းပိုက် နိုင်ရေးအတွက် လုပ်ဆောင် နေသည့် ဆီးရီးယား အစိုးရ၏ စစ်ဆင်ရေးများကို တားဆီးရန် ဖြစ်ကြောင်း အိန်ဂျဲလာမာကယ်က ဘာလင်မြို့၌ ပူတင်နှင့် တွေ့ဆုံစဉ် ပြောသည်။

ဆီးရီးယား နိုင်ငံ ပြန်လည် ထူထောင်ရန်နှင့် အိမ်နီးချင်း နိုင်ငံများသို့ ရောက်နေသော ဆီးရီးယား ဒုက္ခသည်များ ဘေးကင်းစွာ ပြန်လာရေးအတွက် ငွေကြေးထောက်ပံ့မှု လိုအပ်သည်ဟု ပူတင်က ပြောပြီးနောက် အိန်ဂျဲလာ မာကယ်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။

လက်ရှိတွင် တူရကီ နိုင်ငံ၌ ဆီးရီးယား ဒုက္ခသည် အရေအတွက်မှာ သုံးသန်းခန့် ရှိပြီး ဂျော်ဒန်နှင့် လက်ဘနွန် နိုင်ငံတို့၌ ဒုက္ခသည် တစ်သန်းစီ ရှိသည်။

ထို့ပြင် ဆီးရီးယားရှိ အခြေခံ လိုအပ်ချက်များ ဖြစ်သော သောက်သုံးရေ ဖြန့်ဝေရေး စနစ်များနှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်များကို ပြန်လည် ထူထောင်ရန် လိုအပ်နေသည်ဟု ပူတင်က ပြောသည်။

သို့သော် အိန်ဂျဲလာမာကယ် အနေဖြင့် ဆီးရီးယားနိုင်ငံ ပြန်လည် ထူထောင်ရေးတွင် ဘဏ္ဍာရေးအရ ပါဝင်ကူညီရန် တွန့်ဆုတ်နေကြောင်း သိရသည်။

ဂျာမနီနိုင်ငံသည် ၂ဝ၁၄ ခုနှစ်မှစ၍ ဆီးရီးယား နိုင်ငံ၌ ဗုံးကြဲ တိုက်ခိုက်နေသည့် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သည်။

ယင်းအဖွဲ့၏ လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် ဆီးရီးယားရှိ အခြေခံ အဆောက် အအုံများ ပျက်စီးပြီး အရပ်သား အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

Ref: Press TV