ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အကြမ်းဖက်သမား ၁၅ ဦး အား သေဒဏ်ချမှတ် အတည်ပြု

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၁၆ ရက် ၌ စစ်ဘက်ဆိုင်ရာ တရားရုံးတွင် အကြမ်းဖက်သမား ၁၅ ဦးအား သေဒဏ်ချမှတ်ခဲ့ပြီး ယင်း အကြမ်းဖက်သမားများက ရဲတပ်ဖွဲ့ ၊ အရပ်သား ၊ အစိုးရ အဖွဲ့ဝင် နှင့် ကျောင်းများအား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရှိရသည်။

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေးဌာန မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် သေဒဏ်ချမှတ် ခံရသည့် အကြမ်းဖက်သမား ၁၅ ဦး ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၅ ဦး သေဆုံးခဲ့ရပြီး ၁၀၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ၊ စစ်ဘက်ဆိုင်ရာ အထူးတရားရုံး ၌ ၄င်းတို့အား အမှု စစ်ဆေးရာတွင် ၄င်းတို့က ပြစ်မှု ကျူးလွန်ခဲ့သည် ကို ဝန်ခံခဲ့ကြကြောင်း ပါဝင်ခဲ့သည်။

ယခုအကြိမ် အမိန့်ချမှတ်ခြင်းသည် ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ တစ်လကျော် အချိန်ကာလ အတွင်း ဒုတိယ အကြိမ်မြောက် အကြမ်းဖက်သမားများအား သေဒဏ် ချမှတ်ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ ၌လည်း အကြမ်းဖက် သမား ၁၂ ဦး အား သေဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန်နိုင်ငံ ဥပဒေ သတ်မှတ်ချက်အရ ယခု သေဒဏ်ချမှတ်ခံရသူများအနေဖြင့် သမ္မတထံသို့ လွတ်ငြိမ်း ချမ်းသာခွင့် လျှောက်ထားနိုင်သော်လည်း ပါကစ္စတန်နိုင်ငံ သမ္မတ အနေဖြင့် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် ပြစ်မှုအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။

(Xinhua)