ထိုင်းလက်ဝှေ့ကျော် ဒီစဲလက်ကို နှစ်ချီအတွင်း အလဲထိုးမည်ဟု ဒေ့ဗ်လက်ဒပ် ကြုံးဝါး

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ထိုင်းလက်ဝှေ့ကျော် ဒီစဲလက်ကို နှစ်ချီအတွင်း အလဲထိုး အနိုင်ယူမည်ဟု ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ် က ကြုံးဝါးသည်။

အဆိုပါပြိုင်ပွဲကို သြဂုတ် ၁၉ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူ အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး ၈၀ ကီလိုတန်းတွင် ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ခါးပတ်ပိုင်ရှင် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ် က ထိုင်းလက်ဝှေ့ကျော် ဒီစဲလက် နှင့် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်ဖြစ်သည်။

‘‘ကျွန်တော် ဒီပွဲအတွက် အများကြီး အချိန်ယူပြီး ပြင်ဆင်ထားတယ်။ သူနဲ့ပတ်သက်တာတွေလည်း လေ့လာ ထားတယ်။ ကျွန်တော့်ဆရာနဲ့အတူ ပွဲနိုင်ဖို့ အတွက် Plan လည်းဆွဲထားပါတယ်။ ကျွန်တော် သူ့ကို အနိုင်ရဖို့က အဓိကရည်ရွယ်ချက်ပါ။ ဖြစ်နိုင်မယ်ဆို တစ်ချီအတွင်းမှာ အလဲထိုးချင်တာပါ။ ဒါပေမဲ့ ကျွန်တော် နောက်ပွဲတွေရှိလို့ ဒဏ်ရာ မရအောင် တစ်ဆင့်ချင်းထိုးပြီး ဒုတိယအချီမှာ အလဲထိုးဖို့ ပြင်ဆင်ထားပါတယ်။ သူက မွေထိုင်း က ချန်ပီယံဖြစ်လို့ မြန်မာ့လက်ဝှေ့က မွေထိုင်းထက် သာတာကို ပရိသတ်တွေအားလုံးသိအောင် ပြသပါမယ်’’ဟု မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကနေဒါ နိုင်ငံသား ဒေ့ဗ်လက်ဒပ်က ပြောသည်။

၂၀၁၆ က စတင်ကာ မြန်မာ့ရိုးရာ လက်ဝှေ့လောကသို့ ဝင်ရောက်ခဲ့သည့် ကနေဒါနိုင်ငံသား ဒေ့ဗ်သည် ရိုးရာ လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ယူကာ မြန်မာပြည်အလွတ်တန်း ချန်ပီယံအဖြစ် သတ်မှတ်ခံခဲ့ရသည်။

အသက် (၂၅)နှစ်အရွယ် ဒေ့ဗ်သည် မြန်မာ့ရိုးရာ လက်ဝှေ့ စတင်ထိုးသတ်ချိန်ကစပြီး လက်ရှိအချိန်ထိ ရှစ်ပွဲ ထိုးသတ်ရာ ရှုံးပွဲ မရှိသေးဘဲ သုံးပွဲနိုင်၊ ငါးပွဲသရေ ကျထားသည်။

တတိယအကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် ဒေ့ဗ်နှင့် ဒီစဲလက်တို့ တွဲဆိုင်းအပါအဝင် ထွန်းထွန်းမင်း နှင့် ကွန်ဂိုနိုင်ငံသား ဒါရီလိုကုကု၊ ထွန်းလွင်မိုးနှင့် ထိုင်းလက်ဝှေ့ကျော် ခါရာတီ၊ ဖျံသွေးနှင့် စောဂေါ်မူဒို၊ ရဲသွေးနီနှင့် ဂျပန်လက်ဝှေ့ကျော် ကူတာကက်၊ ရွှေရာ မာန်နှင့် ဂျပန်လက်ဝှေ့ကျော် တိုခဲရှီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသမီးတွဲဆိုင်းတွင် ဘရောနီကာနှင့် ဘီလာရုစ် လက်ဝှေ့ကျော် အယ်လီနာမစ်ချပ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

7Days