တူရကီက အမေရိကန် သွင်းကုန်များအပေါ် အခွန်နှစ်ဆ တိုးမြှင့် ကောက်ခံ

နိုင်ငံ၏ စီးပွားရေးအပေါ် တိုက်ခိုက်ခြင်းသည် အမေရိကန်ကို လက်တုံ့ပြန်သော အားဖြင့် တူရကီ အစိုးရက အမေရိကန် ပြည်ထောင်စုမှ တင်သွင်းလာသည့် သွင်းကုန်အချို့ကို အခွန်နှစ်ဆ တိုးမြှင့်ကောက်ခံ လိုက်ကြောင်း သိရသည်။ အခွန်နှစ်ဆ တိုးမြှင့်ကောက်ခံသည့် အမေရိကန် သွင်းကုန်များတွင် ခရီးသည်တင်ကားများ၊ အဖျော်ယမကာနှင့် ဆေးရွက်ကြီးတို့ ပါဝင်မည် ဖြစ်သည်။

တူရကီ အစိုးရ အနေဖြင့် အမေရိကန် ပြည်ထောင်စုမှ တင်သွင်းလာသည့် ခရီးသည် တင်ကားများအပေါ် အခွန် ၁၂ဝ ရာခိုင်နှုန်း၊ အဖျော်ယမကာ များအပေါ် အခွန် ၁၄ဝ ရာခိုင်နှုန်းနှင့် ဆေးရွက်ကြီးအပေါ် အခွန် ၆ဝ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်သည်။

ထို့ပြင် အမေရိကန်မှ တင်သွင်းမည့် အလှကုန် ပစ္စည်းများ၊ ဆန်နှင့် ကျောက်မီးသွေး တို့ကိုလည်း တူရကီက အခွန်နှစ်ဆ တိုးမြှင့်ခဲ့သည်။ ယခုကဲ့သို့ အခွန်တိုးမြှင့် ကောက်ခံခြင်းသည် အမေရိကန် အစိုးရက တူရကီ စီးပွားရေးကို တမင်သက်သက် တိုက်ခိုက်ခြင်းအပေါ် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း တူရကီ ဒုတိယသမ္မတ ဖူအေအုတ်တေးက တွစ်တာတွင် ရေးသားထားသည်။

တူရကီလီရာ ငွေကြေးသည် ယခုနှစ်အတွင်း ဒေါ်လာနှင့် လဲလှယ်ရာတွင် တန်ဖိုးအားဖြင့် ၄ဝ ရာခိုင်နှုန်းကျော် ကျဆင်းလာသော်လည်း သြဂုတ် ၁၄ ရက်တွင် ၈ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်လာသည်။ တူရကီနိုင်ငံသည် အမေရိကန် အစိုးရ၏ စီးပွားရေးအရ တိုက်ခိုက်သည့် ပစ်မှတ်တစ်ခု ဖြစ်လာကြောင်း သမ္မတအာဒိုဂန်က အစောပိုင်းတွင် ပြောပြီး လီရာငွေကြေး တန်ဖိုး ကျဆင်းနေမှုကို ထိန်းချုပ် နိုင်ရေးအတွက် နိုင်ငံသားများ၏ လက်ဝယ်ရှိ ဒေါ်လာများနှင့် ယူရိုငွေများကို ရောင်းချရန် ၄င်းက တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref: Reuters