မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မုဒုံ၊ သြဂုတ် ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်၊ ပြည်နယ်အရန်ကော်မတီဝင်ဦးထိန်ဝင်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်အတွင်းရေးမှူး ဦးမင်းမောင်လေး၊ ခရိုင်ကော်မတီဝင်ဦးမင်းအောင်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်မှ ပြည်နယ်ပါတီလုပ်ငန်းဆောင်ရွက်မှုများ၊ မြို့နယ်ပါတီနှင့် ရပ်ကျေးပါတီများမှ ပြည်သူ့အကျိုးဖြစ်စေမည့် မည်သည့်ကိစ္စများမဆို မည်သည့်အဖွဲ့အစည်းနှင့်မဆို ပေါင်းစပ်ဆောင်ရွက်ရန် ဆွေးနွေးပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်းမှ ခရိုင်ပါတီလုပ်ငန်းဆောင်ရွက်မှုများ၊ ပါတီအဆင့်ဆင့်၏ လမ်းညွှန်မှုများအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားရာဒေသများတွင် ကူညီဆောင်ရွက်နေမှုများအားဆွေးနွေးသည်။
ထို့နောက် ခရိုင်အတွင်းရေးမှူး၊ ခရိုင်ကော်မတီများ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် ရပ်ကျေးပါတီ ဥက္ကဋ္ဌများမှ မိမိတို့ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာပါတီလှုပ်ရှားမှုများ၊ ပါတီအဆင့်ဆင့်၏လမ်းညွှန်မှုများအား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြဆွေးနွေးပြီး ခရိုင်ပါတီဥက္ကဋ္ဌမှ ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။