စီးပွားရေး ပိတ်ဆို့မှု ဆက်လက် ကျင့်သုံးနေသည့် အမေရိကန်ကို မြောက်ကိုရီးယား ဝေဖန်

စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ကျင့်သုံးနေသည့် အမေရိကန်၏ မူဝါဒအပေါ် မြောက်ကိုရီးယားက ဝေဖန် ရှုတ်ချလိုက်သည်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စအတွက် အမေရိကန်နှင့် မြောက်ကိုရီးယား တို့ကြား သဘောတူညီမှု ရယူထားသော်လည်း အမေရိကန်ကသာ ခေတ်နောက်ပြန်ဆွဲသည့် ခြေလှမ်းမျိုး ဦးတည်နေလျှင် ယင်းကိစ္စမှာ တိုးတက်မှု ရှိလာမည် မဟုတ်ကြောင်း မြောက်ကိုရီးယားက သတိပေးခဲ့သည်။

အမေရိကန် အစိုးရသည် နျူကလီးယားနှင့် တိုက်ချင်းပစ် ဒုံးကျည် လက်နက်များ စမ်းသပ်ခဲ့စဉ်က မြောက်ကိုရီးယားအပေါ် တင်းကျပ် ပိတ်ဆို့ထားသည့် အရေးယူမှုများကို ဆက်လက် ကိုင်ဆွဲထားရန် ဆုံးဖြတ်ခဲ့သည်။ 

သို့သော် ထိုလုပ်ရပ်သည် စင်ကာပူတွင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ တွေ့ဆုံစဉ်က ရယူခဲ့သည့် သဘောတူညီမှုများနှင့် ကွဲလွဲမှု ရှိနေကြောင်း မြောက်ကိုရီးယားက စွပ်စွဲထားသည်။

အမေရိကန်သည် မြောက်ကိုရီးယားသို့ လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းများ တင်ပို့နိုင်ရန် ကုလသမဂ္ဂကကို ဦးဆောင် တောင်းဆိုပေးခဲ့သော်လည်း စီးပွားရေး ပိတ်ဆို့မှုများကို ဆက်လက် သတ်မှတ်ထားဆဲ ဖြစ်သည်။ 

“အမေရိကန်ဟာ ဆွေးနွေးမှုတွေ၊ လက်တွဲဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ အခြေခံ အယူအဆတွေကိုတောင် လိုက်လျောမှု မရှိဘူးဆိုရင် အဲဒီ ဆွေးနွေးမှု ရလဒ်တွေကလည်း တိုးတက် အောင်မြင်လာမှာ မဟုတ်ပါဘူး။ အဲဒီ တိုးတက်မှုတွေ ဆိုတာက နျူကလီးယားလက်နက် ဖျက်သိမ်းရေး ကိစ္စကိုပါ ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်”ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် အရာရှိက သတိပေးခဲ့သည်။

မြောက်ကိုရီးယားနှင့် အမေရိကန်တို့သည် စင်ကာပူ ထိပ်သီး ဆွေးနွေးပွဲ အပြီးတွင် ဆက်ဆံရေး ကဏ္ဍ၌  အနိမ့်အမြင့် အတက်အကျများ ဆက်ရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် လကလည်း နှစ်နိုင်ငံ ညှိနှိုင်းမှုများ၌ အမေရိကန်က လူဆိုးခေါင်းဆောင်ဆန်ဆန် ဗိုလ်ကျသည့် ချဉ်းကပ်မှုမျိုး ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ဝေဖန် စွပ်စွဲခဲ့သည်။ 

Ref: BBC