အင်ဒိုနီးရှားငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၅ ဦးရှိလာ

သြဂုတ် ၈

အင်ဒိုနီးရှားရှိ လွမ်ဘော့ခ်ကျွန်းမှာ ငလျင်ပြင်းထန်စွာလှုပ်ခဲ့ရာ သေဆုံးသူ ၁၀၅ ဦးရှိကြောင်း အာဏာပိုင်တွေက ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ ထုတ်ပြန်လိုက်ပါတယ်။

ငလျင်ဒဏ်ကြောင့် အိမ်ခြေပေါင်းများစွာပျက်စီးခဲ့ရပြီး ဂီလီစ်ကျွန်းစုပေါ်မှာ သောင်တင်နေတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ ဘာလီကျွန်းကို ပို့ဆောင်ပေးခဲ့တြာ ဖစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လွမ်ဘော့ခ်ကျွန်းမှာ ပြင်းအား ၆ ဒသမ ၉ ရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့အတွက် သေဆုံးသူ ၁၀၅ ဦး၊ ဒဏ်ရာရရှိသူ ၂၃၆ ဦးရှိခဲ့ပြီး ကျန်ဒေသခံ အယောက် ၂၀၀၀၀ ကတော့ အိမ်ခြေများပျက်စီးဆုံးရှုံးပြီး ခိုကိုးရာမဲ့ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဒေသခံတချို့ကတော့ ပျက်စီးနေတဲ့အိမ်တွေနားမှာ မနေရဲသလို ငလျင်ထပ်လှုပ်မှာကိုလည်း ကြောက်တဲ့အတွက် တောင်ပေါ်တက်နေကြပြီး ဒေသခံတွေအတွက် ရိက္ခာအလုံအလောက်မရှိဘူးလို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ပျောက်ဆုံးသူ၊ ဒဏ်ရာရရှိသူများကို အာဏာပိုင်တွေက လိုက်လံရှာဖွေလျက်ရှိပါတယ်။

-Ref; AFP