မိုဒရစ်အား ရောင်းချသွားရန် ရည်ရွယ်ချက်မရှိဟု ရီးရဲအသင်းနည်းပြ အတည်ပြု

စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်းအနေဖြင့် ကွင်းလယ်ကစားသမား လုကာမိုဒရစ်အား အသင်းမှ ထွက်ခွာခွင့် ပြုရန် ရည်ရွယ်ထားခြင်း မရှိကြောင်း ရီးရဲအသင်းနည်းပြ လိုပီတီဂူက အတည်ပြုပြောဆိုလိုက်သည်။

အင်တာမီလန်အသင်းသည် ခရိုအေးရှားကစားသမား မိုဒရစ်အား ခေါ်ယူရန် ပစ်မှတ်ထားနေကာ ရီးရဲမက်ဒရစ် အသင်းအနေဖြင့်လည်း မိုဒရစ်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်နေသည်။ အသက် ၃၂ နှစ်အရွယ်ရှိ မိုဒရစ်နှင့် ရီးရဲမက်ဒရစ်အသင်းတို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂၀၂၀ ပြည့်နှစ်တွင်မှ ကုန်ဆုံးမည်ဖြစ်သည်။

နည်းပြ လိုပီတီဂူက “မိုဒရစ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းဥက္ကဋ္ဌက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့ ဘာမှ ထပ်ပြောစရာမရှိပါဘူး။ မိုဒရစ်ဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားပါ။ ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မိုဒရစ် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက်ပိုင်း သူနဲ့ စကားပြော ဖြစ်ပါတယ်။

သြဂုတ်လ ၁၆ ရက်မှာ ရီးရဲနဲ့ အက်သလက်တီကိုအသင်းတို့ ယှဉ်ပြိုင်မယ့် ယူအီးအက်ဖ်အေစူပါဖလားပွဲမှာ မိုဒရစ် ပါဝင်ကစားနိုင်မလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ မိုဒရစ် အပေါ် ကျွန်တော် နှစ်သက်မှု ရှိတယ်ဆိုတာ သူလည်း သိပါတယ်”ဟု ပြောဆိုခဲ့သည်။ ရီးရဲအသင်း၏ နာမည်ကျော်ကစားသမားတစ်ဦးဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုသည် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့သွားပြီးနောက် ရီးရဲကစားသမားများအနက် မိုဒရစ်၏ ဂျာစီသည် ပရိသတ် ၀ယ်ယူမှု အများဆုံး ဂျာစီဖြစ်ခဲ့သည်ဟု ဆိုသည်။

-Ref; Sky sports