ထွန်းထွန်းမင်းနှင့် ဒေ့ဗ် မကျေပွဲဒီဇင်ဘာတွင် ကျင်းပမည်

ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း

 

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နှင့် တစ်ကျော့ပြန် ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ ဒီဇင်ဘာတွင် မကျေပွဲယှဉ်ပြိုင်ထိုး သတ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောသည်။

အဆိုပါစိန်ခေါ်ပွဲကို ဒီဇင်ဘာအတွင်း ကျင်းပရန်စီစဉ်ထားသော်လည်း ပြိုင်ပွဲကျင်းပမည့် ရက်နှင့်နေရာကိုမူ အပြီးသတ် မဆုံးဖြတ်ရသေးကြောင်း ဦးဝဏ္ဏ က ဆိုသည်။

‘‘ထွန်းထွန်းမင်းဘက်က ဒေ့ဗ်ကို မကျေပွဲ ပြန်ထိုးချင်တဲ့အတွက် လုပ်ဖြစ်တာပါ။ အရင်ထွန်းထွန်းမင်း ရှုံးတဲ့ ပွဲတုန်းကလည်း ကျွန်တော်ပဲ စီစဉ်တာဆိုတော့ ဒီပွဲလည်း ထပ်စီစဉ်ပေးတာပါ။ ဩဂုတ် ၁၉ ရက်မှာ ထိုးမယ့် ထွန်းထွန်းမင်းနဲ့ လိုကုကုပွဲပြီးတာနဲ့ ဒေ့ဗ်နဲ့ ပွဲအတွက် ပြင်ဆင်သွားမှာပါ’’ ဟု ၎င်းက ပြောသည်။

ထွန်းထွန်းမင်းသည် ဒေ့ဗ်လက်ဒပ်နှင့် နှစ်ကြိမ်ယှဉ်ပြိုင်ဖူးပြီး ပထမပွဲတွင် သရေကျကာ ဒုတိယပွဲတွင် ရှုံးနိမ့်ခဲ့သောကြောင့် ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဘွဲ့ကို လွှဲပြောင်းပေးခဲ့ရသည်။ ထို့ကြောင့် လာမည့် မကျေပွဲ၌ ဒေ့ဗ် ကို အနိုင်ယူပြီး ချန်ပီယံဘွဲ့ပြန် လည်ရယူရန် ရည်မှန်းထားကြောင်း ထွန်းထွန်းမင်းက ပြော သည်။

‘‘ဒေ့ဗ်ကို ပြန်ထိုးဖို့အတွက် ကျွန်တော့်ဘက်က အဆင်သင့် ဖြစ်နေပါပြီ။ လိုကုကုနဲ့ ပွဲပြီးတာနဲ့ ဒေ့ဗ်နဲ့ပွဲအတွက် ပြင်ဆင်မှုတွေ သေချာလုပ်သွားမှာပါ။ ဆိုင်းယော့နဲ့ပွဲ ထိုးပြီးနောက်ပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုရှိလာပါတယ်။ ဆိုင်းယော့နဲ့ ထိုးပြီးတဲ့အချိန်မှာ သူ့လောက် ဘယ်သူမှ ကြောက်ဖို့မကောင်းတော့ဘူး။ ဒေ့ဗ်ရဲ့ ပွဲတွေကိုလည်း လေ့လာထားပြီး သူ့ရဲ့အားနည်းချက်ကို သေချာကြည့်ထားပါတယ်’’ ဟု မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဟောင်း ထွန်းထွန်းမင်းက ပြောသည်။

ထွန်းထွန်းမင်းသည် နောက်ဆုံးပြိုင်ပွဲအဖြစ် ဇူလိုင် ၂၂ ရက် က ထိုင်းမွေထိုင်းချန်ပီယံဆိုင်းယော့နှင့် ယှဉ်ပြိုင်ပြီး ပူးတွဲသရေကျထားသည်။

ထွန်းထွန်းမင်းနှင့် ဒေ့ဗ်တို့ သည် ဩဂုတ်၁၉ ရက်တွင်ရန်ကုန် မြို့သိမ်ဖြူအားကစားရုံ၌ ကျင်းပမည့် တတိယအကြိမ် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ယင်းပွဲတွင် ထွန်းထွန်းမင်း က ကွန်ဂိုလက်ဝှေ့သမား ဒါရီလို ကုကု၊ ဒေ့ဗ်လက်ဒပ်က ထိုင်း လက်ဝှေ့ကျော် ဒီစဲလက်တို့နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ 

7Days