ကနေဒါ သံအမတ်ကို ဆော်ဒီ ပြည်နှင်၊ ကနေဒါနှင့် စီးပွားရေး ဆက်ဆံမှုများ ဆိုင်းငံ့

ကနေဒါနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို နယ်နှင်ကြောင်း ဆော်ဒီအာရေးဘီးယား အစိုးရက အတည်ပြု ထုတ်ပြန်လိုက်သည်။

ထို့အပြင် ပင်လယ်ကွေ့ ဒေသရှိ ဘုရင့်နိုင်ငံတော်၏ ပြည်တွင်းရေး ကဏ္ဍတွင် ဝင်ရောက် စွက်ဖက်သည့် ကနေဒါ အစိုးရနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအားလုံး ဆိုင်းငံ့ထားမည်ဟုလည်း ဆော်ဒီက ကြေညာခဲ့သည်။ 

ကနေဒါ အစိုးရသည် ဆော်ဒီ၌ လူ့အခွင့်အရေး လှုပ်ရှားသူများ ဆက်တိုက် ဖမ်းဆီး ထိန်းသိမ်း ခံနေရခြင်းအပေါ် စိုးရိမ်ကြောင်း ဝေဖန် ပြောဆိုခဲ့သည့် ဖြစ်ရပ်များအပြီး ဆော်ဒီက ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအစိုးရ ဖမ်းဆီးခဲ့သူများအနက် ဆော်ဒီ-အမေရိကန် အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူ ဆာမာ ဘာဒါဝီလည်း ပါဝင်ခဲ့သည်။ ဘာဒါဝီသည် ဆော်ဒီတွင် အမျိုးသားများက အမျိုးသမီးများအပေါ် ထိန်းသိမ်း အုပ်ချုပ်ရမည်ဆိုသော စနစ်ကို အဆုံးသတ်ရန် ဦးဆောင် တောင်းဆိုနေသူ တစ်ဦးလည်း ဖြစ်သည်။

ဆော်ဒီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကနေဒါ သံအမတ်ကို နယ်နှင်သည့် ဆုံးဖြတ်ချက်အပြင် ကနေဒါတွင် ရှိနေသည့် ဆော်ဒီ သံအဖွဲ့ကိုလည်း ပြန်လည် ခေါ်ယူသွားမည်ဖြစ်ကြောင်း Twitter၌ ရေးသား ကြေညာခဲ့သည်။

ကနေဒါသည် ဆော်ဒီ၏ ရပ်တည်မှုများအပေါ် ရည်ရွယ်ချက်ရှိရှိ ထိုးနှက် တိုက်ခိုက်ခဲ့ကြောင်း၊ ဆော်ဒီ အနေဖြင့် ပြည်တွင်းရေးကို စွက်ဖက်သည့် မည်သည့် လုပ်ရပ်ကိုမျှ သည်းခံမည် မဟုတ်ကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 ဩဂုတ် ၆ ရက် ထုတ်ပြန်ချက်၌ ကနေဒါ သံအမတ် အနေဖြင့် ၂၄ နာရီအတွင်း ဆော်ဒီမှ ထွက်ခွာရန်နှင့် ကနေဒါရာ ဆော်ဒီ သံအရာရှိများကိုလည်း နေရပ် ပြန်လာရန် အစရှိသည့် ညွှန်ကြားချက်များ ပါရှိသည်။ ထို့အပြင် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များကိုလည်း သီးခြား ကြေညာရန် ရှိနေကြောင်း ဆိုသည်။

ကနေဒါ အစိုးရကမူ ဆော်ဒီ၏ သံတမန်ရေးရာ တုံ့ပြန် အရေးယူမှုအပေါ် ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေး တုံ့ပြန်မှု မရှိသေးချေ။ ဆော်ဒီတွင် ခေတ်အမြင်ရှိပြီး ပြုပြင်ပြောင်းလဲရေးကို လိုလားသည့် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်၏ ဩဇာသက်ရောက်မှု မြင့်တက်လာချိန်တွင် ဆော်ဒီ၌ လူ့အခွင့်အရေး လှုပ်ရှားသူများကို ပိုမို ဖိနှိပ်လာခြင်းက အံ့ဩစရာ အခြေအနေ တစ်ရပ်လည်း ဖြစ်လာခဲ့သည်။

Ref: BBC