ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာအဖွဲ့၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၄/၂ဝ၁၈) ဖွင့်

ရန်ကုန်၊ သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အဖွဲ့၏ အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၄/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကူးတို့ဆိပ်ရပ်ကွက် ခေမာသီဝံကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ က ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမသာရ (ဓမ္မာစရိယ) အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် အရှေ့ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က စက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးတင်ရှိန်၊ ဘဏ္ဍာရေးမှူး ဒေါ်နှင်းအိအိခင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ၂ဝ မှ ပါတီဥက္ကဋ္ဌများနှင့် ပါတီကော်မတီဝင်များ၊ လူငယ်တာဝန်ခံနှင့် ပါတီလူငယ်များ၊ သင်တန်းဆရာ ဆရာမနှင့် သင်တန်းသူ စုစုပေါင်း အင်အား ၇ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)