အင်ဒိုနီးရှား ငလျင်ကြောင့် သေဆုံးသူ ၉၀ ကျော်ထိ ရှိလာ

သြဂုတ် ၆

အင်ဒိုနီးရှားနိုင်ငံ လွမ်ဘော့ခ် အပန်းဖြေကျွန်းမှာ သြဂုတ် ၅ ရက်က အားပြင်း ငလျင် လှုပ်ပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၉၁ ဦးထိ ရှိသွားပြီ ဖြစ်ကြောင်း သဘာဝဘေး ကယ်ဆယ်ရေး အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပို ပူဝါ၀ို နျူဂရိုဟိုက ပြောပါတယ်။

ဒဏ်ရာရသူဦးရေလည်း ရာနဲ့ချီ ရှိနေပြီး အဆောက်အအုံပေါင်း ထောင်နဲ့ချီ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

AFP သတင်းတစ်ရပ်အရ ယင်းငလျင် ပြင်းအားကို မူလထုတ်ပြန်ထားတဲ့ ၇ အဆင့်ကနေ ၆ ဒသမ ၉ ကို အမေရိကန် ဘူမိလေ့လာရေးအဖွဲ့က ပြန်လည်ပြင်ဆင်သတ်မှတ်ထားကြောင်း သိရပါတယ်။

ယနေ့ သြဂုတ် ၆ ရက်မှာတော့ ငလျင်လှုပ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြလျက် ရှိပါတယ်။ သေဆုံး ဒဏ်ရာရသူ စာရင်း ထပ်တိုးလာဦးမယ့် အလားအလာလည်း များနေပါတယ်။

ယမန်နေ့ ငလျင်လှုပ်ပြီးပြီးချင်းမှာ ဆူနာမီ ရေလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရပေမယ့် နောက်ပိုင်း ပြန်လည် ရုတ်သိမ်းသွားခဲ့ပါတယ်။

ယခု အားပြင်းငလျင်လှုပ်ပြီးနောက် အပန်းဖြေကျွန်းမှာ ရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသွား ၉၀၀ ကျော် လောက်ကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတယ်လို့ အေဂျင်စီက ပြောသွား ပါတယ်။

-Ref; AFP