မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအလံသစ်တင် လစဉ်ပုံမှန် အစည်းအဝေးကျင်းပ

မဘိမ်း၊ သြဂုတ် ၅

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလံသစ်တင်ခြင်းနှင့် လစဉ်ပုံမှန် အစည်းအဝေးကျင်းပခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဘိမ်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လွင်နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များ၊ ပါတီနာယကများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနား ကျင်းပသည့် နံနက် ၉ နာရီတွင် ပါတီအလံသစ်ကို လွှင့်တင်ခဲ့ကြသည်။

ယင်းနောက် ပါတီပုံမှန်အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က ပါတီဗဟို၊ ပြည်နယ်တို့၏ လမ်းညွှန်ချက်များ၊ ပါတီတွင်းစည်းလုံးညီညွတ်ရေးကိစ္စများ၊ ပါတီဝင်အင်အားစိစစ်ရေးနှင့် ပါတီဝင်သစ်စည်းရုံး ရရှိရေးကိစ္စများ၊ ရေးရာအလိုက် လှုပ်ရှားဆောင်ရွက်မည့် အစီအမံများ၊ သတင်းမီဒီယာ ချိတ်ဆက်ရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးကိစ္စများ၊ ပါတီအောင်နိုင်ရေးကိစ္စများ ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာကြသူများက ဆွေးနွေးအကြံပြုခဲ့ကြောင်း သိ ရသည်။

ဇော်လွင်(မဘိမ်း)