ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့တက်ရောက်

 

ရန်ကုန် ဇူလိုင် ၂၈

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ဂိုဏ်းပေါင်းစုံသံဃနာယကအဖွဲ့ဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်ဇနီး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဇနီး၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဦးပိုက်ထွေးနှင့်ဒေါက်တာစန်းစန်းနွယ်၊ ဗဟို အလုပ်အမှုဆောင်များဖြစ်ကြသော ဦးခင်ရီ၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာပွင့်ဆန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်းပါတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များနှင့်ဖိတ် ကြားထားသူများ စုစုပေါင်း ၂၅ဝ ခန့်တက် ရောက်ခဲ့သည်။
အခမ်းအနားကို ‘နမောတဿ’သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသမဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ် ၂၇ ပါးက မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး၊ ပါတီအထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်းနှင့်ဇနီး၊ ဗဟိုအတွင်းရေးမှူးများနှင့် ဗဟိုအလုပ်အမှုဆောင်များနှင့်အလှူရှင်များက ဆရာတော်သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာ ရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရ ဘိဝံသမဟာထေရ် မြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနား ကို ‘ဗုဒ္ဓသာသနံစိရံတိဋ္ဌတု’သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကာ ရွှေမိုးငွေမိုးများရွာသွန်း ခဲ့ကြသည်။
အခမ်းအနားပြီးဆုံးပြီးနောက် ပါတီဥက္ကဋ္ဌနှင့်တကွတာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ကြွရောက်လာသည့် ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်