ရောဘတ်အီစတာကို အနိုင်ယူပြီး WBC နှင့် IBF ချန်ပီယံ ခါးပတ်များကို ဂါစီယာသိမ်းပိုက်

ရှုံးပွဲမရှိချန်ပီယံများ၏ တိုက်ပွဲတွင် တစ်နိုင်ငံတည်းသား ရောဘတ်အီစတာကို အနိုင်ယူပြီး အမေရိကန် လက်ဝှေ့ သမား မစ်ကီဂါစီယာသည် WBC နှင့် IBF လိုက်ဝိတ် ချန်ပီယံခါးပတ်များကို တစ်ပြိုင်နက်တည်း သိမ်းကျုံး ဆွတ်ခူးခဲ့သည်။ ဇူလိုင် ၂၈ ရက်ညက အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့၌ ထိုးသတ်ခဲ့သော ယင်းပွဲတွင် ဒိုင်လူကြီးများ၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်နှင့်အတူ အသက် (၃၀) အရွယ် ဂါစီယာသည် ၎င်း၏ WBC ခါးပတ်ကို ကာကွယ် နိုင်ခဲ့ပြီး အီစတာ၏ IBF ခါးပတ်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဂါစီယာသည် ပွဲကိုစောစောစီးစီး ထိန်းချုပ်ထိုးသတ်နိုင်ခဲ့ပြီး တတိယအချီတွင် ၎င်း၏ ဘယ် လက်သီးချက်ကြောင့် အီစတာ  မေးစေ့ထိကာ ကြမ်းပြင်ပေါ်သို့ လဲကျခဲ့သည်။ အီစတာသည် ပြန်ထနိုင်သော်လည်း ပြိုင်ဘက်၏ တိုက်စစ်ဆင်ထိုးသတ်မှုကို ကာကွယ်ရန် ပျက်ကွက်ခဲ့ပြီး ကိုးချီတွင် နောက်တစ်ကြိမ် လဲကျလုနီး ဖြစ်ခဲ့သည်။

လက်ဝှေ့ပွဲများစီစဉ်သည့် Top Rank ကုမ္ပဏီနှင့် တရားရင်ဆိုင်ရမှုကြောင့် လက်ဝှေ့လောကနှင့် လပေါင်း ၃၀ ဝေးကွာပြီးနောက် ယခုအခါ ဂါစီယာသည် ထိုးသတ်ခဲ့သည့် ငါးပွဲစလုံး အနိုင်ရပြီး ယင်းအနက်နှစ်ပွဲ အလဲထိုး နိုင်ခဲ့သည်။ ဒိုင်လူကြီး သုံးဦးစလုံး က ဂါစီယာကို ၁၁၈-၁၀၉ မှတ်၊ ၁၁၇-၁၁၀- မှတ်၊ ၁၁၆-၁၁၁ မှတ်ဖြင့် အနိုင်ပေးခဲ့သည်။ (၂၇) နှစ်အရွယ် အီစတာ သည် ယခုရှုံးပွဲကြောင့် ၎င်း၏ ကစားသမားဘဝ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့သည်။ အီစတာသည် ၂၂ ပွဲ ထိုးသတ်ခဲ့ရာ ၂၁ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ ဂါစီယာက ပွဲ ၃၀ ထိုးသတ်ခဲ့ ရာ အားလုံး အနိုင်ရခဲ့သည်။

—Ref:AFP