သမ္မတမော်စီကို ထောက်ခံဆန္ဒပြသူ ၇၅ ဦးအား သေဒဏ်ပေး

သမ္မတ မော်စီကို ထောက်ခံတဲ့ ၂၀၁၃ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူ ၇၅ ဦးကို အီဂျစ်တရားရုံးက သေဒဏ် ပေးလိုက်ပါတယ်။ သေဒဏ်ကို အယူခံဝင်ခဲ့လို့ အပြီးသတ် အမိန့်ချနိုင်ဖို့အတွက် အမြင့်ဆုံး Grand Mufti တရားရုံးထံ လွှဲပြောင်းပေးလိုက်တယ်လို့ အီဂျစ်အစိုးရပိုင် အာရမ် အွန်လိုင်းသတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။

အခု သေဒဏ်အပေးခံရသူ အားလုံးဟာ သမ္မတ မော်စီရဲ့ Muslim Brotherhood ပါတီဝင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိသမ္မတ အယ်လ်စီစီရဲ့ လုံခြုံရေးတပ်တွေက သမ္မတမော်စီကို အင်အားသုံးပြီး ရာထူးကနေ ဖယ်ရှားတာကို မကျေနပ်တဲ့အတွက် ၂၀၁၃ ခုနှစ်က တလကြာ ထိုင်သပိတ် ဆန္ဒပြခဲ့ကြတာပါ။ လုံခြုံရေး တပ်တွေက စက်သေနတ်တွေ၊ သံချပ်ကာကားတွေ၊ စစ်သုံးဘူဒိုဇာတွေ သုံးပြီး ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပါတယ်။

ဒီ့အတွက် အနည်းဆုံး လူ ၈၀၀ ကျော် သေဆုံးပြီး အတော်များများ အဖမ်းခံခဲ့ရကြောင်း  Human Rights Watch အဖွဲ့ကို ကိုးကားပြီး စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။ 

DVB