ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအတွေ့အကြုံရှင်း

 

ရန်ကုန် ဇူလိုင် ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ညီလာခံ(၂ဝ၁၈)တွင် တိုင်းဒေသကြီး ပြည်နယ်ပါတီလူငယ်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် စာတမ်းများပြုစု ဆွေးနွေးခဲ့သော အတွေ့အကြုံများ၊ လူငယ်များအတွက် ရှေ့လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ရုံး၌ ပါတီလူငယ်များအတွက် ပြန်လည်မျှဝေ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂နာရီ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာကျော်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ညီလာခံကိုယ်စားလှယ် တက်ရောက်သော မြို့နယ်ပါတီလူငယ်ခေါင်းဆောင် ကိုဇော်မင်းထွန်းကညီလာခံမှအတွေ့အကြုံ များ၊ လမ်းညွှန်ချက်များကို ဆွေးနွေးပေးခဲ့ပြီးနောက် ညီလာခံတက်ရောက်သော ကိုယ်စားလှယ် များမှလည်း မိမိတွေ့ကြုံရသော အတွေ့အကြုံများကိုလည်း ထပ်မံဆွေးနွေးပေးခဲ့သည်။

ထိုအခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ကော်မတီဝင် များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပါတီလူငယ်များ တက်ရောက်ခဲ့သည်။ ထို့နောက် အဆိုပါအခမ်းအနားပိတ်ပွဲတွင် ပါတီလူငယ်များမှ ပါတီလူငယ် သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားပြီးဆုံးကြောင်း သိရသည်။

ဇော်ရဲထွဋ်(ဒဂုံတောင်)